ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ Ford ကားကုမ္ပဏီဟာ ကုမ္ပဏီဝန်ထမ်းဟောင်းတွေ အပါအဝင် အတွေ့အကြုံရင့် အင်ဂျင်နီယာတွေနဲ့ အရည်အသွေး စစ်ဆေးရေးမှူး ၃၅၀ ကျော်ကို ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ အရင်က Ford ကုမ္ပဏီဟာ ယာဉ်ဒီဇိုင်းနဲ့ ထုတ်လုပ်မှု အဆင့်ဆင့်ကို စစ်ဆေးဖို့အတွက် AI စနစ်သုံး ကင်မရာတွေနဲ့ အလိုအလျောက် အရည်အသွေး စစ်ဆေးတဲ့ စနစ်တွေကိုပဲ ပိုပြီးအားကိုးခဲ့တာပါ။ အဲဒီ AI နည်းပညာတွေက လုပ်ငန်းခွင်ကို ပိုပြီးမြန်ဆန် စွမ်းဆောင်ရည် တက်စေခဲ့ပေမယ့် ဝါရင့်အင်ဂျင်နီယာတွေပဲ မြင်နိုင်တဲ့ ချို့ယွင်းချက်တွေနဲ့ ဖြစ်လာနိုင်မယ့် ပြဿနာအချို့ကိုတော့ ကျော်လွန်သွားခဲ့တာကြောင့် အရည်အသွေးပိုင်း ဆိုင်ရာ ပြဿနာတွေ၊ အာမခံ ကုန်ကျစရိတ်တွေ၊ ကားတွေ ပြန်လည်သိမ်းဆည်းရတာတွေနဲ့ ထုတ်လုပ်မှု ကြန့်ကြာမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါကြောင့် အရည်အသွေး ပိုကောင်းလာစေဖို့အတွက် Ford ကုမ္ပဏီဟာ ဝါရင့်အင်ဂျင်နီယာတွေကို ပြန်ခေါ်ပြီး ပြဿနာတွေကို စောစောစီးစီး ရှာဖွေတာ၊ ဝန်ထမ်းငယ်တွေကို လမ်းညွှန်ပြသတာတွေအပြင် သူတို့ရဲ့ ဆယ်စုနှစ်များစွာ ရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကုမ္ပဏီရဲ့ AI စနစ်တွေကို ပိုကောင်းအောင် သင်ကြားမြှင့်တင်ပေးတာတွေမှာ ကူညီခိုင်းခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တာကြောင့် အခုအခါမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ J.D. Power အဖွဲ့ရဲ့ ဦးဦးဖျားဖျား အရည်အသွေး လေ့လာဆန်းစစ်ချက် (Initial Quality Study) မှာ Ford ကုမ္ပဏီဟာ ပင်မကားအမှတ်တံဆိပ်တွေထဲမှာ နံပါတ်တစ်အဆင့် ချိတ်ခဲ့ပြီး ဒါဟာ နှစ်ပေါင်းများစွာအတွင်း ကုမ္ပဏီရဲ့ အကောင်းဆုံး အရည်အသွေးပိုင်း စွမ်းဆောင်ရည်တစ်ခုလည်း ဖြစ်ပါတယ်။

Behold the new entry-level Ford vehicle - it's a truck | Reuters

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး AI နည်းပညာ ကျရှုံးသွားတာ မဟုတ်ဘဲ AI နည်းပညာကို လူသားတွေရဲ့ နေရာမှာ အစားထိုးမယ့်အစား အတွေ့အကြုံရှိတဲ့ လူသားကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ် အသုံးပြုတဲ့အခါမှာသာ အကောင်းဆုံး ရလဒ်တွေကို ပေးစွမ်းနိုင်တာ ဖြစ်တယ်လို့ Ford ကုမ္ပဏီက ပြောထားပါတယ်။

Ref : Technology Innovation