တရုတ်နိုင်ငံဟာ ကုမ္ပဏီ ၁၀ ခုထက်မကက ထုတ်လုပ်ထားတဲ့ လူတူစက်ရုပ် (Humanoid robots) တွေကို သီးခြားစီ လေ့ကျင့်ပေးတာမျိုး မဟုတ်ဘဲ တစ်နေရာတည်းမှာ စုစည်းသင်ကြားပေးနိုင်မယ့် ပထမဆုံး စာသင်ကျောင်းကို ရှန်ဟိုင်းမြို့မှာ တရားဝင် ဖွင့်လှစ်လိုက်ပါတယ်၊၊ စတုရန်းမီတာ ၅,၀၀၀ ကျယ်ဝန်းတဲ့ အဲဒီစင်တာမှာ လက်ရှိမှာ စက်ရုပ် ၁၀၀ ကျော်ကို တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးနိုင်ပြီး ၂၀၂၇ ခုနှစ်မှာ ၁,၀၀၀ အထိ တိုးမြှင့်သွားဖို့ စီစဉ်ထားပါတယ်၊၊

အဲဒီစင်တာမှာ စက်ရုပ်တွေကို အလုပ်တစ်ခုတည်း စေခိုင်းဖို့ မဟုတ်ဘဲ ပစ္စည်းမတင်တာ၊ သယ်ဆောင်တာနဲ့ ပစ္စည်းအမျိုးအစား ခွဲခြားတာ စတဲ့ အခြေခံကျွမ်းကျင်မှု ၄၅ မျိုးကို စတင်သင်ကြားပေးမှာ ဖြစ်ပါတယ်၊၊ အဲဒီနောက် စက်ရုံထုတ်လုပ်မှု၊ အိမ်မှုကိစ္စနဲ့ ခရီးသွားဝန်ဆောင်မှု စတဲ့ လက်တွေ့လုပ်ငန်းခွင် အခြေအနေ ၁၀ ခုမှာ ပါဝင်လုပ်ဆောင်နိုင်အောင် ဆက်လက်လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်၊၊

ဒါ့အပြင် စက်ရုပ်တွေ လေ့ကျင့်စဉ်မှာ ရရှိလာတဲ့ အချက်အလက်တွေကို စုစည်းပြီး အခြားစက်ရုပ်ထုတ်လုပ်သူတွေပါ မျှဝေအသုံးပြုနိုင်မယ့် AI ဒေတာပလက်ဖောင်းတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်၊၊ အဲဒီလို လုပ်ဆောင်တာဟာ တရုတ်နိုင်ငံရဲ့ နည်းပညာမြှင့်တင်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး စက်ရုံတွေ၊ ကုန်လှောင်ရုံတွေနဲ့ အခြားလုပ်ငန်းခွင်တွေမှာ လူတွေနဲ့အတူ ဘေးကင်းစွာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် စက်ရုပ်တွေ ပိုမိုမြန်ဆန်စွာ ပေါ်ထွက်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်၊၊
Ref : Technology Innovation