ကုလသမဂ္ဂက တာဝန်ပေးအပ်ထားတဲ့ နိုင်ငံတကာ ကျွမ်းကျင်သူ ၄၀ ပါဝင်တဲ့ သီးခြားလွတ်လပ်သော အဖွဲ့တစ်ဖွဲ့ဟာ AI နည်းပညာနဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ် ကမ္ဘာ့သိပ္ပံဆိုင်ရာ အကဲဖြတ် အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်၊၊ အဲဒီအစီရင်ခံစာမှာ AI နည်းပညာ တိုးတက်မှုဟာ သိပ္ပံပညာရှင်တွေနဲ့ အစိုးရတွေ နားလည်သဘောပေါက်နိုင်စွမ်း သို့မဟုတ် ထိန်းချုပ်ကွပ်ကဲနိုင်စွမ်းထက် ပိုမိုမြန်ဆန်နေတယ်လို့ သတိပေးထားပါတယ်၊၊

AI နည်းပညာဟာ ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံဆိုင်ရာ သုတေသနနဲ့ အခြား စက်မှုလုပ်ငန်းများစွာကို ပြောင်းလဲပေးနေပေမဲ့ စနစ်တကျ ကာကွယ်တားဆီးမှုတွေ မလုပ်ဆောင်ပါက ဆိုက်ဘာတိုက်ခိုက်မှု၊ လိမ်လည်မှု၊ သတင်းအမှား ဖြန့်ဝေမှုနဲ့ ဇီဝဗေဒဆိုင်ရာ ခြိမ်းခြောက်မှုတွေမှာ မသမာသူတွေက အလွဲသုံးစားလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်၊၊ ဒါ့အပြင် အဆင့်မြင့် AI စနစ်အချို့ဟာ မမျှော်လင့်ထားတဲ့ လှည့်ဖြားမှုတွေ ပြုလုပ်နိုင်တာကို တွေ့ရှိရပြီး အနာဂတ်မှာ ပေါ်ပေါက်လာမယ့် အလိုအလျောက် စနစ်သုံး AI တွေဟာ လူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲတမ်း ရှိနေမယ်လို့ သိပ္ပံနည်းကျ အာမခံချက် ပေးနိုင်ခြင်း မရှိသေးပါဘူး၊၊
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြဿနာတွေ ပိုမိုကြီးထွားမလာမီ အစိုးရတွေအနေနဲ့ အချိန်မဆွဲဘဲ ချက်ချင်း အရေးယူ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်၊၊ AI နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကနေ လူထုကို အကာအကွယ်ပေးရင်း ဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဘုံစည်းမျဉ်းတွေ သတ်မှတ်ကြဖို့လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်၊၊
Ref : Technology Innovation