မိုက်ခရိုဆော့ဖ် (Microsoft) ကုမ္ပဏီဟာ အေအိုင် (AI) နည်းပညာ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ဖို့အတွက် ဝန်ထမ်းအင်အားရဲ့ ၂.၁ ရာခိုင်နှုန်းခန့် ရှိတဲ့ ဝန်ထမ်း ၄,၈၀၀ နီးပါးကို လျှော့ချသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလို လျှော့ချမှုဟာ စီးပွားရေးနဲ့ Xbox ဂိမ်းကဏ္ဍ အစိတ်အပိုင်းအချို့ကို ပြန်လည်ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး နည်းပညာကုမ္ပဏီကြီးတွေကြား အေအိုင်ကြောင့် ဝန်ထမ်းအင်အား လျှော့ချနေတဲ့ လှိုင်းမှာ မိုက်ခရိုဆော့ဖ် ပါဝင်လာတာ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ လူ့စွမ်းအားအရင်းအမြစ် အရာရှိချုပ် အေမီ ကိုးလ်မန်း (Amy Coleman) က ဝန်ထမ်းတွေထံ ပေးပို့တဲ့ စာမှာ အေအိုင်ဟာ အလုပ်လုပ်ပုံတွေကို ပြောင်းလဲပေးနေပေမယ့် အခု ရာထူးမှ ဖယ်ရှားခံရသူတွေရဲ့ နေရာကို အေအိုင်နဲ့ တိုက်ရိုက် အစားထိုးတာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အေအိုင် ကြောင့် အလုပ်အကိုင် ပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ ကုမ္ပဏီရဲ့ ဦးစားပေး လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အရင်းအမြစ်တွေကို ပြန်လည် ခွဲဝေပြင်ဆင်တာ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။
ဒါ့အပြင် မိုက်ခရိုဆော့ဖ်ရဲ့ အေဇူး (Azure) ကလောက်ဒ် ဝန်ဆောင်မှု ပိုင်းမှာ တိုးတက်မှုတွေ ရှိနေပေမယ့် ဒေတာစင်တာတွေ တည်ဆောက်စရိတ် မြင့်မားမှုကြောင့် ငွေကြေးစီးဆင်းမှုမှာ ဖိအားတွေ ကြုံတွေ့နေရပါတယ်။ Xbox ဂိမ်းကဏ္ဍမှာလည်း အမြတ်အစွန်း ရရှိမှု လျော့ကျလာတာကြောင့် စီးပွားရေး ပုံစံကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့ ဒါမှမဟုတ် ကုမ္ပဏီခွဲ တစ်ခုအနေနဲ့ ခွဲထုတ်ဖို့အထိ စဉ်းစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref : The Strait Times