လူသားမျိုးနွယ်ကို ဂြိုဟ်အများအပြားမှာ ပြန့်နှံ့နေထိုင်နိုင်တဲ့ မျိုးစိတ်တစ်ခုဖြစ်လာစေဖို့ အိပ်မက်မက်နေတဲ့ SpaceX ကုမ္ပဏီဟာ လာမယ့် ၁၀ နှစ်အတွင်း လနဲ့ အင်္ဂါဂြိုဟ်ဆီ လူထောင်ပေါင်းများစွာကို စေလွှတ်သွားနိုင်လိမ့်မယ်လို့ စီအီးအို အီလွန်မတ်စ်ခ်က ပြောကြားလိုက်ပါတယ်။
တက္ကဆပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အဘော့တ် (Greg Abbott) နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မတ်စ်ခ်က လာမယ့်နှစ်အနည်းငယ်အတွင်း လပေါ်ဆီ လူသားတွေကို ပြန်လည်ခြေချနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ခရီးစဉ်တွေကို အရှိန်ဟုန်မြှင့်ကာ အာကာသထဲ လူဦးရေအမြောက်အမြား ပို့ဆောင်ပေးသွားမယ်လို့ အခိုင်အမာ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၅ နှစ်အတွင်း အင်္ဂါဂြိုဟ်ဆီ ပထမဆုံး ခြေချမယ့် အာကာသယာဉ်မှူးတွေကို စေလွှတ်ဖို့ မျှော်မှန်းထားပြီး နှစ်နေရာလုံးမှာ အမြဲတမ်းနေထိုင်မယ့် မြို့ပြအခြေစိုက်စခန်းတွေ တည်ဆောက်သွားဖို့ပါ ပစ်မှတ်ထားနေတာပါ။
SpaceX ဟာ ဒီလို အံ့မခန်း မဟာဗျူဟာမြောက် စီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့အတွက် ကမ္ဘာ့ပတ်လမ်း၊ လနဲ့ အင်္ဂါဂြိုဟ် ခရီးစဉ်တွေအတွက် ရာနှုန်းပြည့် ပြန်လည်အသုံးပြုနိုင်မယ့် စတားရှစ်ပ် (Starship) အာကာသယာဉ်ကြီးကို အဓိက လက်နက်အဖြစ် အသုံးချသွားမှာ ဖြစ်ပါတယ်။
စတားရှစ်ပ်ဟာ စမ်းသပ်ပျံသန်းမှု သမိုင်းဝင် မှတ်ကျောက်များစွာကို စိုက်ထူထားပြီး ဖြစ်ပေမဲ့လည်း မတ်စ်ခ် ထုတ်ဖော်လိုက်တဲ့ ခန့်မှန်းချက် အချိန်ဇယားတွေဟာ သူ့ရဲ့ အနာဂတ် မျှော်မှန်းချက်တစ်ရပ်သာ ဖြစ်ပါသေးတယ်။

အဲဒီ ရည်မှန်းချက်ကြီး လက်တွေ့ကမ္ဘာမှာ အမှန်တကယ် ဖြစ်လာဖို့အတွက် ထပ်မံပြုလုပ်ရမယ့် စိန်ခေါ်မှုများပြားတဲ့ စမ်းသပ်ပျံသန်းမှုတွေ၊ အစိုးရအဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေနဲ့ အာကာသယာဉ်မှူးတွေ ပါဝင်မယ့် အရေးပါတဲ့ ခရီးစဉ်တွေကို အောင်မြင်စွာ ဆက်လက် ကျော်ဖြတ်သွားရဦးမှာ ဖြစ်ပါတယ်။