တရုတ်နိုင်ငံမှာ ဉာဏ်ရည်တု (AI) နည်းပညာတွေ လျှင်မြန်စွာ တိုးတက်လာတာနဲ့အမျှ ၂၀၂၆ ခုနှစ်အတွင်း လူတူစက်ရုပ် (Humanoid Robot) ၁ သိန်းကျော်ထုတ်လုပ်နိုင်မယ်လို့မျှော်မှန်းထားပါတယ်။ အဲဒီအကြောင်းကို တရုတ် စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာဌာန ဒုတိယညွှန်ကြားရေးမှူး ကန်ရှောင်ဘင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ စက်မှုလုပ်ငန်းကြီးတွေရဲ့ AI နည်းပညာ အသုံးပြုမှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့ပြီး စက်ရုပ်ထုတ်လုပ်ရေး ကဏ္ဍကိုလည်း ပိုမိုမြန်ဆန်လာစေတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရရဲ့ အမျိုးသား AI စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကလည်း အဲဒီကဏ္ဍမှာ ပြင်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် ပံ့ပိုးပေးနေပါတယ်။

ဒီလို နောက်ဆုံးပေါ် နည်းပညာတိုးတက်မှုတွေကို လာမယ့် ဇူလိုင် ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဉာဏ်ရည်တု ညီလာခံ (WAIC) မှာ ပြသသွားမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ ပြခန်းပေါင်း ၁,၁၀၀ ကျော်နဲ့ ပြပစ္စည်းပေါင်း ၃,၀၀၀ ကျော် ပါဝင်မှာဖြစ်ပြီး ကမ္ဘာ့ပထမဆုံး မိတ်ဆက်မယ့် ထုတ်ကုန်ပေါင်း ၃၀၀ ကျော်လည်း ပါဝင်မယ်လို့ သိရပါတယ်။
Ref : Nation Thailand