ဂျပန်နိုင်ငံအခြေစိုက် လပေါ်သို့ ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီ ispace ဟာ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Starship ဒုံးပျံနဲ့ လဆင်းယာဉ်ကို အသုံးပြုပြီး ကုန်ကျစရိတ်သက်သာတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းသစ်ကို စတင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ၂၀၃၀ ပြည့်နှစ်ထက် မစောဘဲ လပေါ်ကို ဆင်းသက်မယ့် Starship ဒုံးပျံပေါ်မှာ ကီလိုဂရမ် ၅၀၀ ဝန်တင်ဆောင်နိုင်စွမ်းနေရာကို အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ယူထားပြီး ကမ္ဘာတစ်ဝန်းက ပစ္စည်းတွေကို တင်ဆောင်ပေးနိုင်မယ့် လမျက်နှာပြင်သွား ယာဉ်ကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အဲဒီ ဝန်ဆောင်မှုဟာ လဆီသို့ သွားရောက်မယ့် ကုန်စည်တွေအတွက် အများသုံး ဘတ်စ်ကားသဖွယ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ispace က သီးသန့်ထုတ်လုပ်နေတဲ့ လဆင်းယာဉ် တက္ကစီ ဝန်ဆောင်မှုကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ispace အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၅ ခုနှစ်တုန်းက SpaceX ရဲ့ Falcon 9 ဒုံးပျံတွေကို အသုံးပြုပြီး လပေါ်ဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုအခါမှာတော့ ၂၀၃၀ ပြည့်နှစ် အရောက်မှာ Ultra လို့ အမည်ပေးထားတဲ့ လဆင်းယာဉ် ၃ စီးကို လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ဖို့ ရည်မှန်းထားပါတယ်။

SpaceX ကုမ္ပဏီဘက်ကလည်း ispace နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီး အခုလို ဝန်ဆောင်မှုဟာ သေးငယ်တဲ့ ကုန်စည်တွေ လပေါ်ရောက်ရှိရေးအတွက် အရေးပါတဲ့ လမ်းစတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ NASA အနေနဲ့လည်း Artemis အစီအစဉ်အတွက် Starship ကို အသုံးပြုဖို့ စီစဉ်နေပြီး တောင်ကိုရီးယားနိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ်မှာ ကိုယ်ပိုင် Nuri ဒုံးပျံနဲ့ လဆင်းယာဉ်ကို လွှတ်တင်ဖို့ ပြင်ဆင်နေပါတယ်။
Ref : Bangkokpost