Y Combinator ရဲ့ ပံ့ပိုးမှုရရှိထားတဲ့ Tornyol အမည်ရ အမေရိကန် Startup က အင်ဂျင်နီယာတွေဟာ သိပ္ပံရုပ်ရှင်တွေထဲကလိုမျိုး ခြင်တွေကို ဝေဟင်မှာတင် လိုက်လံရှာဖွေ နှိမ်နင်းနိုင်မယ့် AI စနစ်သုံး မိုက်ခရိုဒရုန်း နည်းပညာကို တီထွင်နေပါတယ်လို့ သိရပါတယ်။ အဲဒီနည်းပညာက လက်ရှိ အသုံးပြုနေတဲ့ ဓာတုပစ္စည်း ဖြန်းတာ ဒါမှမဟုတ် တခြား ရိုးရာခြင်နှိမ်နင်းရေး နည်းလမ်းတွေထက် ကုန်ကျစရိတ်ကို အဆ ၁၀၀ အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Alex Toussaint ဟာ ဒရုန်းကနေ ပျံသန်းနေတဲ့ ပိုးဖလံတစ်ကောင်ကို ပထမဆုံးအကြိမ် ဝေဟင်မှာတင် အောင်မြင်စွာ ပစ်ချနိုင်ခဲ့တဲ့ စမ်းသပ်မှု ဗီဒီယိုဖိုင်ကို ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
![]()
အလေးချိန် ၄၀ ဂရမ်သာရှိတဲ့ အဲဒီဒရုန်းရဲ့ တိကျမှုနောက်ကွယ်မှာ စမတ်ဖုန်း မိုက်ခရိုဖုန်း၊ အာထရာဆောနစ် ဆင်ဆာတွေနဲ့ AI ဆော့ဖ်ဝဲလ်တွေ ပူးပေါင်းလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်လို့ သိရပါတယ်။ အဲဒီစနစ်ကနေ အာထရာဆောနစ်လှိုင်းတွေ ထုတ်လွှတ်ပြီး ခြင်တွေ တောင်ပံခတ်တဲ့အခါ ထွက်ပေါ်လာတဲ့ သီးသန့်အသံလှိုင်းတုန်ခါမှု (Doppler effect) ကို ခွဲခြားစိတ်ဖြာကာ တခြားအင်းဆက်တွေထဲကနေ ခြင်ကို တိတိကျကျ ရွေးထုတ်ပြီး နှိမ်နင်းတာ ဖြစ်ပါတယ်။
Tornyol က အင်ဂျင်နီယာတွေဖြစ်တဲ့ Alex Toussaint နဲ့ Clovis Piedallou တို့ဟာ အနာဂတ်မှာ မြို့ပြဧရိယာတွေထဲက ခြင်တွေကို အုပ်စုလိုက် ဒရုန်းအစုအဝေးတွေနဲ့ ရှင်းလင်းဖို့ ရည်မှန်းထားပါတယ်။ သူတို့ရဲ့ တွက်ချက်မှုအရ ဒရုန်း ၁၀ စင်းတင်ရှိရင် ၁ စတုရန်းကီလိုမီတာ ပတ်လည်အကျယ်အဝန်းကို လွှမ်းခြုံနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီပရောဂျက်က စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးပေမယ့် အောင်မြင်သွားရင်တော့ တစ်ကမ္ဘာလုံးက ခြင်နဲ့ တခြားအင်းဆက်ကောင်တွေ နှိမ်နင်းတဲ့စနစ်ကို လုံးဝပြောင်းလဲပစ်နိုင်မယ့် နည်းပညာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
Ref : Khaosod