သြစတြေးလျနိုင်ငံမှာ နေသာတဲ့ မွန်းလွဲပိုင်းအချိန်တွေမှာ ဆိုလာစွမ်းအင် ထုတ်လုပ်မှု အလွန်အမင်း မြင့်တက်နေတဲ့အတွက် အချို့အိမ်ထောင်စုတွေဟာ နေ့စဉ် သုံးနာရီကြာ လျှပ်စစ်မီး အလကား သုံးစွဲခွင့် ရနေကြပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်လိုက်တဲ့ Solar Sharer အစီအစဉ်သစ်အရ New South Wales၊ South Australia နဲ့ ကွင်းစလန်းအရှေ့တောင်ပိုင်းက အိမ်ထောင်စုတွေဟာ နေရောင်ခြည် အကောင်းဆုံးအချိန်တွေမှာ လျှပ်စစ်မီးခ မပေးရမယ့် စနစ်ကို ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ သြစတြေးလျဟာ အိမ်ခေါင်မိုးပေါ် ဆိုလာပြားတပ်ဆင်မှု ကမ္ဘာ့အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး နေပူပြင်းတဲ့နေ့တွေမှာ လျှပ်စစ်ဓာတ်အားလိုင်းက လိုအပ်တာထက် ပိုလျှံအောင် ထုတ်လုပ်နေတာကြောင့် လျှပ်စစ်ရဲ့ လက်ကားဈေးနှုန်းဟာ သုည ဒါမှမဟုတ် သုညအောက်အထိ ထိုးဆင်းသွားလေ့ ရှိပါတယ်။

ဒီအစီအစဉ်ဟာ လျှပ်စစ်မီး အလကားရတဲ့ အချိန်အတွင်းမှာ အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်၊ လေအေးပေးစက်နဲ့ လျှပ်စစ်ကားတွေကို အဝသုံးပြီး ပိုလျှံနေတဲ့ သန့်စင်စွမ်းအင်ကို အကျိုးရှိရှိ အသုံးချဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ စမတ်မီတာရှိပြီး သတ်မှတ်အစီအစဉ်မှာ စာရင်းသွင်းထားတဲ့ အိမ်ထောင်စုတွေပဲ ဒီအခွင့်အရေးကို ရမှာဖြစ်ပြီး သုံးနာရီအတွင်း အခမဲ့သုံးနိုင်မယ့် ပမာဏကို ၂၄ ကီလိုဝပ်နာရီ (kWh) အထိ ကန့်သတ်ထားပါတယ်။ အဲဒီပမာဏဟာ သာမန်အိမ်တစ်အိမ်ရဲ့ နေ့စဉ် လျှပ်စစ်လိုအပ်ချက် အများစုကို ဖုံးလွှမ်းပေးနိုင်ပါတယ်။

ဒါပေမဲ့လည်း အခမဲ့အချိန်ပြင်ပမှာ သုံးတဲ့ လျှပ်စစ်မီးအတွက်တော့ ပုံမှန်နှုန်းထားအတိုင်းပဲ ပေးရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအစီအစဉ်ဟာ သြစတြေးလျရဲ့ နေ့ခင်းဘက်မှာ လျှံထွက်နေတဲ့ ဧရာမ ဆိုလာစွမ်းအင်တွေကို ဘယ်လိုစမတ်ကျကျ ခွဲဝေသုံးစွဲမလဲဆိုတာကို နည်းလမ်းရှာဖွေပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Technology Innovation