ကမ္ဘာတစ်ဝန်းမှာ ဉာဏ်ရည်တု (AI) နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ အကြီးစား AI ဒေတာစင်တာကြီးတွေဟာ ၎င်းတို့ရဲ့ အနီးဝန်းကျင်မှာရှိတဲ့ မြေပြင်အပူချိန်ကို သိသိသာသာ မြင့်တက်စေပြီး “ဒေတာစင်တာ အပူကျွန်း” (data center heat island) ဆိုတဲ့ ရာသီဥတု သက်ရောက်မှုအသစ်တစ်ခုကို ဖန်တီးနေတယ်လို့ ကိန်းဘရစ်ချ် တက္ကသိုလ်က ဦးဆောင်တဲ့ သုတေသနအသစ်တစ်ခုမှာ သတိပေးလိုက်ပါတယ်။
သုတေသီတွေဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူထားတဲ့ နာဆာ (NASA) ရဲ့ ဂြိုဟ်တုအချက်အလက်တွေကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းက ဒေတာစင်တာပေါင်း ၆,၇၀၀ ကျော်ကို နှစ်ပေါင်း ၂၀ ကြာ အသေးစိတ် ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒေသတွေမှာ ဒေတာစင်တာတွေ မလည်ပတ်ခင်နဲ့ လည်ပတ်ပြီးနောက် အပူချိန်ပြောင်းလဲမှုတွေကို နှိုင်းယှဉ်ပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို တိုင်းတာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေ့လာမှုအရ ဒေတာစင်တာတွေရဲ့ ပတ်ဝန်းကျင်မှာ မြေပြင်အပူချိန်ဟာ ပျမ်းမျှအားဖြင့် ၂ ဒီဂရီစင်တီဂရိတ်ခန့် မြင့်တက်လာတာကို တွေ့ရှိခဲ့ရပြီး အချို့နေရာတွေမှာတော့ အပူချိန် ၉.၁ ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာ မြင့်တက်ခဲ့သလို အပူရှိန်သက်ရောက်မှုကို ဒေတာစင်တာတွေရဲ့ ပတ်ပတ်လည် ၁၀ ကီလိုမီတာ (၆ မိုင်ခန့်) အထိ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ရပါတယ်။
ဒီလို အပူရှိန်ထွက်ပေါ်လာတာဟာ ဒေတာစင်တာတွေက အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အား ပမာဏအမြောက်အမြားနဲ့ အပူတွေကို ပတ်ဝန်းကျင်ထဲ ထုတ်လွှတ်ပေးတဲ့ အအေးခံစနစ်တွေကြောင့် ဖြစ်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
AI နည်းပညာတွေ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ အခုလို သက်ရောက်မှုဟာ နောင်တစ်ချိန် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ စွမ်းအင်သုံးစွဲမှုနဲ့ ဒေသတွင်း ပတ်ဝန်းကျင် ထိန်းစီမံခန့်ခွဲမှုတို့မှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၃၄၀ သန်းကျော်ဟာ ဒေတာစင်တာတွေရဲ့ ပတ်ပတ်လည် ၁၀ ကီလိုမီတာ အကွာအဝေးအတွင်းမှာ နေထိုင်နေကြတယ်လို့ သုတေသီတွေက ခန့်မှန်းထားပေမယ့် အနီးနားက ဒေသခံတွေရဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိ၊ မရှိကိုတော့ ဒီလေ့လာမှုမှာ တိုင်းတာခဲ့ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အခု သုတေသနဟာ ဂြိုဟ်တုကနေတစ်ဆင့် မြေပြင်အပူချိန်ကိုသာ တိုင်းတာခဲ့တာဖြစ်ပြီး လေထုအပူချိန်ကို တိုင်းတာခဲ့တာ မဟုတ်တဲ့အတွက် အဲဒီ အပူချိန်မြင့်တက်မှုတွေက ဒေသခံလူထုအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကို သိရှိဖို့ နောက်ထပ် သုတေသနပြုလုပ်မှုတွေ လိုအပ်ပါသေးတယ်။
လက်ရှိမှာတော့ အခုလေ့လာမှုကို သုတေသနမူကြမ်း (preprint) အနေနဲ့သာ ရရှိနိုင်သေးပြီး ကျွမ်းကျင်သူအချင်းချင်း စိစစ်သုံးသပ်မှု (peer review) တော့ မလုပ်ရသေးဘူးလို့ သိရပါတယ်။