ကမ္ဘာတစ်ဝန်းမှာ Cloud computing၊ ဗီဒီယိုကြည့်ရှုမှု ဝန်ဆောင်မှု (streaming) တွေနဲ့ ဉာဏ်ရည်တု (AI) စနစ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလာတာနဲ့အမျှ အဲဒီစနစ်တွေကို နောက်ကွယ်ကနေ မောင်းနှင်ပေးနေရတဲ့ Amazon ရဲ့ အကြီးစား ဒေတာစင်တာကြီးတွေကို အအေးခံဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာတင် ရေဂါလန် ၂ ဒသမ ၅ ဘီလီယံ (၉ ဒသမ ၅ ဘီလီယံ လီတာခန့်) အထိ မောင်နှင်အသုံးပြုခဲ့ရပါတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ကုမ္ပဏီရဲ့ အဆိုအရ ၎င်းတို့ရဲ့ ဒေတာစင်တာ အများစုကို တစ်နှစ်ပတ်လုံးနီးပါး ပြင်ပလေထုကို အသုံးပြုပြီး သဘာဝအတိုင်း အအေးခံတာ ဖြစ်ပေမယ့် ရာသီဥတု အရမ်းပူပြင်းတဲ့ အချိန်တွေမှာတော့ ဆာဗာတွေ အပူလွန်ကဲပြီး ပျက်စီးမယ့်အန္တရာယ်ကနေ ကာကွယ်ဖို့ ရေအခြေခံ အအေးခံစနစ်ကို အဓိက အသုံးပြုရတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ထူးခြားတာက Amazon ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးချဲ့နေပေမယ့်လည်း ၂၀၂၅ ခုနှစ်မှာ ဒေတာစင်တာတွေရဲ့ ရေသုံးစွဲမှုဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ရာခိုင်နှုန်း ခန့် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွမ်းကျင်သူအချင်းချင်း စိစစ်ထားတဲ့ စံနှုန်းတွေအရ Amazon ရဲ့ ဒေတာစင်တာတွေဟာ လုပ်ငန်းတူ ပျမ်းမျှ ရေသုံးစွဲမှု ထက် ရေသုံးစွဲမှု ၇ ဆ နည်းပါးပါတယ်။
ကုမ္ပဏီအနေနဲ့ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ၎င်းတို့အသုံးပြုတဲ့ ရေပမာဏထက် လူထုဝန်းကျင်ဆီ ရေပိုမို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် (water positive) ရည်မှန်းချက်ကို ချမှတ်ထားပြီး ၂၀၂၅ ခုနှစ်မှာတော့ သုံးစွဲခဲ့တဲ့ ရေ ၄ ဂါလန်တိုင်းမှာ ၃ ဂါလန်ခန့်ကို ရေပြန်လည်ဖြည့်တင်းရေး စီမံကိန်းတွေကတစ်ဆင့် ပတ်ဝန်းကျင်ဆီ ပြန်လည် ပေးဝေနိုင်ခဲ့ပါတယ်။
လက်ရှိမှာ AI နဲ့ Cloud computing လိုအပ်ချက်တွေ ဆက်တိုက် မြင့်တက်လာတာနဲ့အမျှ အထူးသဖြင့် ရေရှားပါးတဲ့ ဒေသတွေမှာရှိတဲ့ အကြီးစား ဒေတာစင်တာကြီးတွေရဲ့ ရေနဲ့ စွမ်းအင် သုံးစွဲမှုအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ယခင်ထက် ပိုမို အလေးထား စောင့်ကြည့်လာကြပါတယ်။
Amazon ဘက်ကတော့ အခု ထုတ်ပြန်ထားတဲ့ ရေဂါလန် ၂ ဒသမ ၅ ဘီလီယံဆိုတာဟာ ဒေတာစင်တာတွေက ရယူအသုံးပြုခဲ့တဲ့ ရေပမာဏသာ ဖြစ်ပြီး လုံးဝ ကုန်ဆုံးသွားတဲ့ ရေပမာဏကို ဆိုလိုတာ မဟုတ်တဲ့အပြင် ဒေတာစင်တာတွေအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ သွယ်ဝိုက်ပြီး ကုန်ဆုံးသွားတဲ့ ရေပမာဏတော့ ပါဝင်ခြင်း မရှိဘူးလို့ ရှင်းလင်း ပြောကြားထားပါတယ်။