ပင်လယ်ရေပြင်အောက်က မိုင်းတွေကို ရှာဖွေဖော်ထုတ်ပြီး အန္တရာယ်ကင်းကင်းနဲ့ ရှင်းလင်းဖျက်ဆီးပစ်နိုင်မယ့် SIGURD အမည်ရ ကိုယ်ပိုင်မောင်းနှင်နိုင်တဲ့ စနစ်အသစ်ကို အမေရိကန်ကာကွယ်ရေးနည်းပညာကုမ္ပဏီ Vatn Systems က မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ရဲ့ ထူးခြားချက်ကတော့ လူစီးနင်းတဲ့သင်္ဘောတွေ ဒါမှမဟုတ် ရေငုပ်သမားတွေကို အန္တရာယ်ရှိတဲ့ မိုင်းကွင်းတွေထဲ စေလွှတ်စရာမလိုတော့ဘဲ ကိုယ်ပိုင်မောင်းနှင်နိုင်တဲ့ ရေအောက်ယာဉ် (AUV) နှစ်စင်းကို ပူးပေါင်းအသုံးပြုပြီး မိုင်းတွေကို ခြေရာခံတာဖြစ်ပါတယ်။ ပထမယာဉ်က ဆိုနာစနစ်နဲ့ မိုင်းတွေကို လိုက်လံရှာဖွေပေးပြီး ပစ်မှတ်ကို အတည်ပြုပြီးတာနဲ့ ဒုတိယယာဉ်က အဲဒီနေရာကို သွားရောက်စစ်ဆေးကာ ဖျက်ဆီးပစ်တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆင်ရေးအခြေအနေအပေါ် မူတည်ပြီး စောင့်ကြည့်ထိန်းချုပ်နိုင်သလို စနစ်ရဲ့လုပ်ဆောင်ချက်တချို့ကိုလည်း သူ့အလိုအလျောက် မောင်းနှင်ခွင့်ပေးထားနိုင်ပါတယ်။

New Autonomous System Offers All-in-One Approach for Undersea Mine Warfare

ဒီစနစ်မှာပါဝင်တဲ့ မိုင်းရှာဖွေရေးယာဉ်ဟာ ရေအောက်အနက် မီတာ ၁၀၀ (၃၂၈ ပေ) အထိ ငုပ်လျှိုးနိုင်ပြီး ဘက်ထရီတစ်ကြိမ်သွင်းထားရုံနဲ့ ရေအောက်မှာ ၆ နာရီခန့်ကြာအောင် ရေမိုင် ၃၀ (၅၆ ကီလိုမီတာ) အထိ လှည့်လည်သွားလာနိုင်ပါတယ်။ လက်ရှိမှာတော့ SIGURD စနစ်ကို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းမပါတဲ့ မိုင်းတုတွေနဲ့ အောင်မြင်စွာ စမ်းသပ်ထားပြီးဖြစ်သလို အစိုးရဖောက်သည်အချို့ကလည်း စွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်နေကြပါတယ်။ အမေရိကန်ရေတပ် ဒါမှမဟုတ် ပင်တဂွန်ရဲ့ တရားဝင်စစ်ဆင်ရေးအစီအစဉ်တစ်ခုအဖြစ် အတည်မပြုရသေးပေမယ့် ကုမ္ပဏီဘက်ကတော့ ဒီစနစ်ကို ယခုနှစ်နှောင်းပိုင်းမှာတင် စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Vatn Systems unveils SIGURD modular mine countermeasure system

ရေကြောင်းစစ်ပွဲတွေမှာ ရေအောက်မိုင်းတွေဟာ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပေမယ့် ကုန်သွယ်ရေးရေကြောင်းလိုင်းတွေ၊ ဆိပ်ကမ်းတွေနဲ့ စစ်သင်္ဘောတွေအတွက်တော့ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပါတယ်။ အရင်က မိုင်းရှင်းလင်းမယ်ဆိုရင် အထူးပြုသင်္ဘောတွေနဲ့ ကျွမ်းကျင်ရေငုပ်သမားတွေ အများကြီးသုံးရတာကြောင့် အချိန်ကြာပြီး အသက်အန္တရာယ်အလွန်ကြီးမားခဲ့ပေမယ့် အခုလို SIGURD စနစ်ပေါ်လာတဲ့အတွက် ပိုမိုမြန်ဆန်၊ ဘေးကင်းပြီး ထိရောက်တဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ အနာဂတ်မှာ ဒီလိုရေအောက်စနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာရင် ကမ္ဘာ့ရေကြောင်းလိုင်းတွေကို ပိုမိုကာကွယ်ပေးနိုင်မယ့်အပြင် ရေလုပ်သားတွေနဲ့ မိုင်းရှင်းလင်းရေးသမားတွေ ရင်ဆိုင်နေရတဲ့ စိုးရိမ်စရာတွေကိုပါ အများကြီးလျှော့ချပေးနိုင်တော့မှာဖြစ်ပါတယ်။

Ref : Technology Innovation