AI နည်းပညာ အလျင်အမြန် တိုးတက်လာတာနဲ့အမျှ ကုမ္ပဏီတွေဟာ စိတ်ကူးသစ်တစ်ခုဖြစ်တဲ့ အာကာသထဲမှာ ဒေတာစင်တာ (Data Center) တွေ တည်ဆောက်ဖို့အတွက်ပါ ခြေလှမ်းပြင် လေ့လာနေကြပြီဖြစ်ပါတယ်။ လက်ရှိမှာ Axiom Space၊ NVIDIA နဲ့ အာကာသစတားအပ် (Startup) ကုမ္ပဏီတစ်ခုဖြစ်တဲ့ Starcloud တို့ဟာ အာကာသပတ်လမ်းထဲမှာ ကွန်ပျူတာစနစ်တွေ မောင်းနှင်လည်ပတ်နိုင်မယ့် နည်းပညာတွေကို အပြိုင်အဆိုင် တီထွင်ဖန်တီးနေကြပါတယ်။ ဒီအနာဂတ် အာကာသအခြေစိုက် ဒေတာစင်တာတွေဟာ AI လုပ်ငန်းစဉ်တွေ တွက်ချက်တာ၊ အချက်အလက် သိုလှောင်တာနဲ့ အခြားအာကာသဆိုင်ရာ ကွန်ပျူတာလိုအပ်ချက်တွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
![]()
ဒီနည်းပညာကို ထောက်ခံသူတွေရဲ့ အဆိုအရ အာကာသထဲမှာ ဒေတာစင်တာတွေ ဆောက်လုပ်ခြင်းအားဖြင့် နေရောင်ခြည်စွမ်းအင်ကို အချိန်ပြည့် တရစပ်ရရှိနိုင်မယ့် အားသာချက်ရှိပြီး AI ကြောင့် တစ်နေ့ထက်တစ်နေ့ မြင့်မားလာတဲ့ ကွန်ပျူတာစနစ် လိုအပ်ချက်တွေကိုလည်း အထိရောက်ဆုံး ကူညီဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီနည်းပညာဟာ အစောပိုင်းကာလမှာပဲ ရှိသေးတာကြောင့် အင်ဂျင်နီယာတွေအနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရဦးမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ အာကာသထဲ ဒုံးပျံလွှတ်တင်ခ ကုန်ကျစရိတ် ကြီးမားတာ၊ အာကာသရောင်ခြည်သင့်မှုဒဏ် ခံရနိုင်တာ၊ ပြုပြင်ထိန်းသိမ်းရ ခက်ခဲတာ၊ ဆက်သွယ်ရေး ကန့်သတ်ချက်တွေရှိတာနဲ့ ရေခဲမှတ်အောက်အထိ အေးစက်တဲ့ အာကာသထဲမှာ အပူချိန်ထိန်းညှိတဲ့စနစ် (Cooling System) တွေ လိုအပ်တာပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အာကာသအခြေစိုက် AI ဒေတာစင်တာတွေဟာ လက်တွေ့ကမ္ဘာမြေပြင်က ဒေတာစင်တာတွေကို အစားထိုးနိုင်မယ့် အဆင့်မျိုးမဟုတ်သေးဘဲ ဖွံ့ဖြိုးတိုးတက်ဆဲ အယူအဆတစ်ခုအဖြစ်သာ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကုမ္ပဏီကြီးတွေကတော့ အနာဂတ်ရဲ့ နည်းပညာအခြေခံအဆောက်အအုံတွေအတွက် အာကာသဟင်းလင်းပြင်ကြီးဟာ နေရာသစ်တစ်ခု ဖြစ်လာနိုင်မလားဆိုတာကို မျက်ခြေမပြတ် ဆက်လက်သုတေသနပြု စူးစမ်းနေကြပါတယ်။
Ref : Technology Innovation