တရုတ်နည်းပညာကုမ္ပဏီ Yueban ဟာ သက်ကြီးရွယ်အိုတွေနဲ့ သွားလာလှုပ်ရှားရခက်ခဲသူတွေ အိမ်သာတက်တဲ့အခါ လွယ်ကူစေမယ့် Xiaoban လို့ အမည်ရတဲ့ အလိုအလျှောက်သွားလာနိုင်တဲ့ စမတ်အိမ်သာစက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီ စမတ်အိမ်သာစက်ရုပ်ဟာ LiDAR ၊ အသံလှိုင်း အာရုံခံကိရိယာတွေနဲ့ AI လမ်းကြောင်းရှာစနစ်ကို အသုံးပြုပြီး အိမ်ထဲက အတားအဆီးတွေကို ရှောင်ကွင်းကာ မောင်းနှင်နိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ အသံနဲ့ အမိန့်ပေးတာ ဒါမှမဟုတ် ရီမုတ်ကွန်ထရိုးနဲ့ ခေါ်ယူနိုင်ပြီး စက်ရုပ်က သူတို့ရှိတဲ့နေရာအထိ အလိုအလျောက် မောင်းနှင်လာမှာဖြစ်သလို အသုံးပြုပြီးရင်လည်း အားသွင်းစနစ်ဆီ ပြန်သွားမှာ ဖြစ်ပါတယ်။ အသုံးပြုပြီးနောက် ရေဆွဲတာ၊ သန့်ရှင်းရေးလုပ်တာ၊ လေပူနဲ့ အခြောက်ခံတာ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ပိုးသတ်တာနဲ့ အနံ့ဆိုးတွေကို ထိန်းချုပ်တာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ တပ်ဆင်မှုအပေါ်မူတည်ပြီး စွန့်ပစ်ပစ္စည်းတွေကို ရေပိုက်လိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်စွန့်ပစ်တာ ဒါမှမဟုတ် ဖြုတ်ယူလို့ရတဲ့ စွန့်ပစ်ပုံးထဲမှာ သိမ်းဆည်းတာတွေ ပြုလုပ်နိုင်ပါတယ်။

Xiaoban စမတ်အိမ်သာစက်ရုပ်ကို ယွမ် ၂၈,၉၉၉ (အမေရိကန်ဒေါ်လာ ၄,၃၀၀ ဝန်းကျင်) စျေးနှုန်းသတ်မှတ်ထားပြီး ပြုစုစောင့်ရှောက်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့နဲ့ သွားလာရခက်ခဲသူတွေကို လွယ်ကူစေဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သုံးစွဲသူတွေအနေနဲ့ အိမ်သာပေါ် ထိုင်နိုင်ဖို့အတွက် အကူအညီ လိုအပ်နေသေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီဘက်က အဲဒီ စက်ရုပ်ကို နိုင်ငံတကာစျေးကွက်ဆီ ရောင်းချမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
Ref : Technology Innovation