အသက် ၁၆ နှစ်အရွယ် ကနေဒါကျောင်းသားလေး အီဗန်ဘတ်ဇ် (Evan Budz) ဟာ မြစ်၊ ချောင်း၊ သမုဒ္ဒရာတွေထဲမှာ ကိန်းဝပ်နေတဲ့ မိုက်ခရိုပလတ်စတစ် အမှိုက်တွေကို အလိုအလျောက် လိုက်လံရှာဖွေနိုင်တဲ့ AI သုံး လိပ်စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီအံ့မခန်း တီထွင်မှုကြောင့်ပဲ သူဟာ အထက်တန်းကျောင်းသား သုတေသီတွေအတွက် ကမ္ဘာ့အထင်ကရ သိပ္ပံဆုကြီးတစ်ခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ အီဗန်ဟာ သီးသန့်ပုံစံထုတ်ထားတဲ့ ဒစ်ဂျစ်တယ် ဟိုလိုဂရပ်ဖစ် ပုံရိပ်ဖော်စနစ်နဲ့ AI နည်းပညာတွေကို ပေါင်းစပ်ပြီး ဒီရေအောက် လိပ်စက်ရုပ်ကို ပုံဖော်ဖို့အတွက် နာရီပေါင်းထောင်နဲ့ချီ အချိန်ပေးခဲ့ရတာ ဖြစ်ပါတယ်။
![]()
ဒီ လိပ်စက်ရုပ်ဟာ ရေထဲမှာ အသံမထွက်ဘဲ ပေါ့ပါးသွက်လက်စွာ ကူးခတ်နိုင်ဖို့အတွက် ပန်ကာဒလက်တွေအစား ရေလိပ်တွေရဲ့ သဘာဝ ရေကူးလက်မောင်း ပုံစံအတိုင်း အသုံးပြုထားတာပါ။ လက်တွေ့စမ်းသပ်မှုတွေအရ ဒီ လိပ်စက်ရုပ်ထဲက AI စနစ်ဟာ ၁၀ မိုက်ခရိုမီတာအထိ သေးငယ်လွန်းတဲ့ မိုက်ခရိုပလတ်စတစ်တွေကို ၉၄ ရာခိုင်နှုန်းအထိ တိကျမှုနဲ့ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရေနမူနာတွေကို ဓာတ်ခွဲခန်းဆီ ပို့ဆောင်စစ်ဆေးစရာ မလိုတော့ဘဲ ရေထုထဲမှာတင် ချက်ချင်း စစ်ဆေးခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပါတယ်။
ဒီတီထွင်မှု စီမံကိန်းကြောင့် အီဗန်ဟာ ကမ္ဘာ့အကြီးဆုံး အထက်တန်းကျောင်းသား သိပ္ပံပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၂၆ Regeneron ISEF မှာ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ကြေးရှိ ဂုဏ်သိက္ခာကြီးမားတဲ့ Gordon E. Moore ဆုကို သိမ်းပိုက်ရရှိသွားခဲ့တာဖြစ်ပါတယ်။
Ref : Technology Innovation