ဒရုန်းတွေကို မြေပြင်ဆင်းပြီး ဘက်ထရီအားပြန်သွင်းစရာမလိုဘဲ ကောင်းကင်မှာ အကြာကြီး ပျံသန်းနိုင်စေမယ့် လေဆာအခြေပြု ကြိုးမဲ့စွမ်းအင်သုံး စနစ်တစ်ခုကို တရုတ်သုတေသီတွေ တီထွင်လိုက်ပါတယ်။ အဲဒီစနစ်မှာ လေဆာတန်းကို အသုံးပြုပြီး စွမ်းအင်တွေကို လက်ခံကိရိယာဆီ ပို့လွှတ်ပေးတာဖြစ်ပြီး အဲဒီကိရိယာက လင်းရောင်ခြည်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲပေးတာပါ။ ဒါ့ပြင် ရွေ့လျားနေတဲ့ လက်ခံကိရိယာဆီ လေဆာတန်း အတိအကျ တည့်တည့်ကျရောက်နေစေဖို့ အလိုအလျောက် ခြေရာခံတဲ့စနစ်ကိုလည်း တီထွင်ထားပါတယ်။
စမ်းသပ်မှုအတွင်းမှာတော့ အဲဒီစနစ်ဟာ ၁၀ မီတာ (ပေ ၃၀ ကျော်) အကွာအဝေးအထိ တည်ငြိမ်တဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းပြီး စွမ်းအင်တွေကို အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပါတယ်။ စက်ပစ္စည်း အပူလွန်ကဲတာကို ကာကွယ်ဖို့အတွက် နမူနာစနစ်မှာ လည်ပတ်နေတဲ့ ဒရုန်းပန်ကာက ထွက်လာတဲ့ လေစီးကြောင်းကို အသုံးပြုပြီး လေဆာစွမ်းအင်ယူ လက်ခံကိရိယာကို အေးအောင် လုပ်ဆောင်ပေးထားပါတယ်။

ဒီနည်းပညာဟာ အရေးပေါ်တုံ့ပြန်ရေး၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေး လုပ်ငန်းတွေအပြင် ခဏခဏ ဘက်ထရီအားသွင်းရတာ ဒုက္ခရောက်တဲ့ တခြားတာဝန်တွေမှာ အကြာကြီး အသုံးပြုနိုင်မယ့် ဒရုန်းတွေအတွက် များစွာ အထောက်အကူပြုနိုင်မယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီနည်းပညာဟာ စမ်းသပ်အဆင့်မှာပဲ ရှိသေးတာကြောင့် ထိန်းချုပ်ထားတဲ့ စမ်းသပ်ကွင်းပြင်ပမှာ အမှန်တကယ် မသုံးစွဲမီ သုတေသနတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။
Ref : Technology Innovation