AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ ဒေတာစင်တာ လိုအပ်ချက်တွေ မြင့်မားလာချိန်မှာ အမေရိကန်ရဲ့ အဓိက AI ဒေတာစင်တာကြီးတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းအထိ တန်ကြေးရှိတဲ့ စက်ရုပ်ခွေးတွေကို တာဝန်ပေးအပ်လာပါတယ်။ Boston Dynamics နဲ့ Ghost Robotics တို့လို နည်းပညာကုမ္ပဏီကြီးတွေက ထုတ်လုပ်ထားတဲ့ အဲဒီ ခြေလေးချောင်းတပ် စက်ရုပ်တွေဟာ စက်ရုံဝင်းအတွင်း ၂၄ နာရီပတ်လုံး ကင်းလှည့်နိုင်ရုံတင် မကဘဲ စက်ပစ္စည်းစစ်ဆေးတာ၊ ခြံစည်းရိုးစောင့်ကြည့်တာနဲ့ အပူချိန်လုံခြုံရေး စစ်ဆေးတာတွေကိုပါ အလိုအလျောက် ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင့်မြင့် ကင်မရာ၊ Thermal Sensor၊ Lidar စနစ်တွေနဲ့ AI နည်းပညာကို ပေါင်းစပ်ထားတာကြောင့် ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်တွေမှာ အလွယ်တကူ သွားလာနိုင်ပြီး မသင်္ကာဖွယ်ရာတွေကို လုံခြုံရေးအဖွဲ့ထံ အချိန်နဲ့တစ်ပြေးညီ သတင်းပို့ပေးနိုင်ပါတယ်။

Business Insider ရဲ့ ဖော်ပြချက်အရ အဆင့်မြင့် Sensor တွေ တပ်ဆင်ထားတဲ့ Boston Dynamics ရဲ့ Spot စက်ရုပ်တစ်ရုပ်ဟာ ဒေါ်လာ ၃ သိန်းအထိ ကုန်ကျနိုင်ပြီး Ghost Robotics ရဲ့ Vision 60 စက်ရုပ်ကတော့ တပ်ဆင်စနစ်အပေါ် မူတည်ပြီး အနည်းဆုံး ဒေါ်လာ ၁၆၅,၀ဝဝ ဝန်းကျင် ရှိပါတယ်။ အဲဒီ စက်ရုပ်ခွေးတွေဟာ လူသားလုံခြုံရေး ဝန်ထမ်းတွေရဲ့ နေရာမှာ အစားထိုးတာ မဟုတ်ဘဲ ပုံမှန်ကင်းလှည့်တာနဲ့ စက်ပစ္စည်း စစ်ဆေးတာတွေကိုပဲ တာဝန်ယူပေးမှာ ဖြစ်တာကြောင့် လုံခြုံရေးအဖွဲ့အနေနဲ့ ပိုမိုရှုပ်ထွေးတဲ့ လုပ်ငန်းတွေကို အာရုံစိုက်ခွင့် ရလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေသွားရောက်ဖို့ ခက်ခဲတဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ နေရာတွေကိုပါ အဲဒီ စက်ရုပ်တွေက ဝင်ရောက်စစ်ဆေးပေးနိုင်ပါတယ်။

အခုလို နည်းပညာမြင့် စက်ရုပ်ခွေးတွေကို အသုံးပြလာတာဟာ AI ကုမ္ပဏီတွေအနေနဲ့ အမေရိကန်တစ်ဝှမ်းမှာ ဒေတာစင်တာ အသစ်တွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားလာတာနဲ့အမျှ အခြေခံအဆောက်အအုံ လုံခြုံရေးနဲ့ ၂၄ နာရီပတ်လုံး စောင့်ကြည့်စစ်ဆေးနိုင်မယ့် လုံခြုံရေးစနစ် တင်းကြပ်ဖို့ လိုအပ်ချက်တွေလည်း ပိုမို မြင့်မားလာနေတာ ဖြစ်ပါတယ်။
Ref : Technology Innovation