ဒေါ်နယ်ထရမ့်ရဲ့ စကားတစ်ခွန်းဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်ကို ချက်ချင်း ဂယက်ရိုက်စေနိုင်စွမ်းရှိပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး သူပိုင်ဆိုင်တဲ့ Trump Media (TMTG) ကုမ္ပဏီက Truth API ဆိုတဲ့ ဝန်ဆောင်မှုအသစ်ကို စတင်လိုက်ပါပြီ။ အဲဒီ ဝန်ဆောင်မှုဟာ ဩဇာတိက္ကမကြီးမားတဲ့ အကောင့်တွေက တင်တဲ့ ပို့စ်တွေကို သာမန်လူတွေထက် မီလီစက္ကန့်ပိုင်းလောက် ကြိုတင်ဖတ်ရှုနိုင်မယ့် အခွင့်အရေးဖြစ်ပြီး တစ်လကို ကန်ဒေါ်လာ တစ်သိန်းအထိ ပေးသွင်းရနိုင်ပါတယ်။ အရှုံးပေါ်နေတဲ့ ကုမ္ပဏီအတွက် ဝင်ငွေရှာပေးမယ့် အဲဒီ အစီအစဉ်ဟာ အချိန်နဲ့အမျှ အပြိုင်အဆိုင် အရောင်းအဝယ်လုပ်နေကြတဲ့ ဝေါလ်စထရိက ကုန်သွယ်ရေးကုမ္ပဏီကြီးတွေအတွက် သီးသန့်ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို သတင်းကြိုရောင်းစားတဲ့ လုပ်ရပ်အပေါ် ကျင့်ဝတ်နဲ့ ဥပဒေရေးရာ မေးခွန်းထုတ်စရာတွေ ဆူညံလာပါတယ်။ အထူးသဖြင့် အမေရိကန်အစိုးရရဲ့ မူဝါဒတွေ၊ စစ်ရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို အခကြေးငွေယူပြီး ကြိုတင်ရောင်းချတာဟာ အတွင်းသတင်းကြိုပေးကာ အမြတ်ထုတ်တဲ့ ဥပဒေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ ဥပဒေပညာရှင်တွေက သတိပေးထားပါတယ်။ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေက အမေရိကန် ငွေချေးသက်သေခံလက်မှတ်နဲ့ အိတ်ချိန်းကော်မရှင် (SEC) ကို တရားဝင် တောင်းဆိုထားပါတယ်။

ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး TMTG ဘက်ကတော့ အပြင်းအထန် တုံ့ပြန်ထားပါတယ်။ ဝေဖန်သူတွေဟာ လွတ်လပ်တဲ့ ဈေးကွက်သဘောတရားကို ဆန့်ကျင်နေသူတွေ (သို့မဟုတ်) အများပြည်သူသိရှိနိုင်တဲ့ သတင်းနဲ့ မသိနိုင်တဲ့ သတင်းကြားက ကွာခြားချက်ကို နားမလည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီ ဝန်ဆောင်မှုကို ဘယ်သူတွေ ဝယ်ယူထားလဲဆိုတာကို လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဈေးကွက်ကျွမ်းကျင်သူတွေကတော့ ဒီဝန်ဆောင်မှုဟာ သာမန်ရင်းနှီးမြှုပ်နှံသူတွေအတွက် လုံးဝမဟုတ်ဘဲ နည်းပညာမြင့်မားပြီး အမြန်နှုန်းနဲ့ အရောင်းအဝယ်လုပ်တဲ့ ကွန်ပျူတာစနစ်သုံး ကုန်သွယ်ရေးကုမ္ပဏီကြီးတွေသာ စိတ်ဝင်စားမယ့် ကစားကွင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
Ref : bbc