မွေးရာပါ မျက်စိကွယ်နေသူတွေကိုပါ အမြင်အာရုံ သစ် ပြန်ရရှိစေမယ့် Blindsight လို့ အမည်ရတဲ့ အမြင်အာရုံ အစားထိုး ဦးနှောက်စက်ပစ္စည်းကို နောက် ၆ လကနေ ၁၂ လအတွင်း လူတွေမှာ စတင်တပ်ဆင် စမ်းသပ်သွားမယ်လို့ Neuralink ပူးတွဲတည်ထောင်သူ Elon Musk က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီနည်းပညာဟာ မျက်လုံး သို့မဟုတ် အမြင်အာရုံကြောတွေကို အသုံးမပြုဘဲ ဦးနှောက်ရဲ့ အမြင်အာရုံ ထိန်းချုပ်ရာ အစိတ်အပိုင်းဆီ အချက်ပြလှိုင်းတွေ တိုက်ရိုက် ပေးပို့မှာဖြစ်တာမို့ ဦးနှောက်ပိုင်းဆိုင်ရာ ပုံမှန်အလုပ်လုပ်နေသူ မည်သူမဆို အလင်းရောင်ကို ပြန်လည် မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အနာဂတ်မှာ ထွက်ရှိလာမယ့် နည်းပညာအဆင့်မြှင့် ဗားရှင်းတွေဟာ ရိုးရိုးလူတွေထက် ပိုမိုကြည်လင် ပြတ်သားတဲ့ Ultra-HD အမြင်အာရုံကို ပေးစွမ်းနိုင်မယ့်အပြင် အနီအောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်နဲ့ ရေဒါလှိုင်းတွေကိုပါ မြင်တွေ့နိုင်စွမ်း ရှိလာမယ်လို့ စိတ်လှုပ်ရှားဖွယ် မျှော်လင့်ချက်ပေးထားပါတယ်။ လက်ရှိမှာ Neuralink ဟာ ခန္ဓာကိုယ်မသန်စွမ်းသူတွေအတွက် တီထွင်ထားတဲ့ ဦးနှောက်စက်ပစ္စည်း အခြားတစ်မျိုးကို စမ်းသပ်လျက်ရှိပေမယ့် Blindsight အတွက်တော့ လူတွေမှာ စမ်းသပ်မှု မစတင်ရသေးပါဘူး။

လက်ရှိမှာတော့ ဒီစက်ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာမို့ အမြင်အာရုံကို တကယ် ပြန်ရစေတယ်ဆိုတာကို ပညာရှင်တွေ အတည်ပြုထားတဲ့ အချက်အလက်မျိုး မရှိသေးပါဘူး။ အမေရိကန် FDA က Blindsight ကို သုတေသန အရှိန်မြှင့်တင်နိုင်မယ့် Breakthrough Device အဖြစ် သတ်မှတ်ပေးထားပေမယ့် ဒါဟာ နည်းပညာ အကောင်အထည်ဖော်မှုကို မြန်ဆန်စေရုံသာ ဖြစ်ပြီး စက်ပစ္စည်း၏ ထိရောက်မှုကို အပြည့်အဝ အာမခံချက်ပေး သတ်မှတ်လိုက်တာတော့ မဟုတ်သေးပါဘူး။
Ref : Technology Innovation