တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာတော့ ကလေးတွေ ကျောင်းသွားရလွယ်ကူစေဖို့ အမြင့် မီတာ ၂၈၈ (၉၄၅ ပေ) တောင်ရှိတဲ့ ချောက်ကမ်းပါး ဓာတ်လှေကားကြီးတစ်ခုကို အံ့မခန်း တည်ဆောက်လိုက်ပါတယ်။ နီကျူမြစ် ဂရင်းကင်ယွန် (Nizhu River Grand Canyon) မှာ တည်ရှိတဲ့ အဲဒီ ဓာတ်လှေကားသစ်ကြီးဟာ ၂၀၂၂ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အမြင့် မီတာ ၂၆၈ ရှိတဲ့ ဓာတ်လှေကားဟောင်းနဲ့အတူ မကြာသေးမီကပဲ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် ဒီလို ဓာတ်လှေကားတွေနဲ့ ကေဘယ်လ်ကားတွေ မရှိခဲ့တဲ့အတွက် ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ အလွန်မတ်စောက်ပြီး အန္တရာယ်ကြီးတဲ့ ချောက်ကမ်းပါးလမ်းတွေအတိုင်း ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာခဲ့ရပါတယ်။ တောင်အောက်ကနေ တောင်ထိပ်ကိုရောက်ဖို့ သုံးနာရီလောက် အချိန်ယူခဲ့ရပြီး အသွားအပြန်ဆိုရင် ခြောက်နာရီနီးပါးလောက်အထိ ပင်ပန်းဆင်းရဲစွာ သွားလာခဲ့ရပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျောင်းသားတွေဟာ ယာဉ်တွေ၊ ဓာတ်လှေကားတွေနဲ့ ကေဘယ်လ်ကားတွေကို အဆင့်ဆင့် ပြောင်းရွှေ့စီးနင်းနိုင်ပြီဖြစ်လို့ ကျောင်းသွားဖို့ မိနစ် ၃၀ လောက်သာ အချိန်ပေးရတော့မှာ ဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ အဲဒီ ဝန်ဆောင်မှုတွေကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်သလို ရင်သပ်ရှုမောဖွယ် ချောက်ကမ်းပါး ရှုခင်းတွေကြားမှာ တည်ဆောက်ထားတဲ့ အဲဒီ ဓာတ်လှေကားသစ်ကြီးဟာ ဒေသရဲ့ အထင်ကရ အခြေခံအဆောက်အအုံတစ်ခု ဖြစ်လာပါတယ်။
Ref : Technology Innovation