ထိုင်ဝမ်မှာ အမျိုးသားတစ်ဦးဟာ ကင်မရာပါတဲ့ စက်ရုပ်ဖုန်စုပ်စက်ကို အသုံးပြုပြီး ဇနီးဖြစ်သူရဲ့ ဖောက်ပြန်မှုကို ရိုက်ကူးခဲ့ရာကနေ တရားရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း နေအိမ်မှာ အခြားအမျိုးသားတစ်ဦးရဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးကင်မရာမှတ်တမ်းတွေကို စစ်ဆေးကြည့်ရာကနေ ဇနီးဖြစ်သူရဲ့ ဖောက်ပြန်မှုကို စတင်ရိပ်မိခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဖုန်စုပ်စက်ရိုဘော့ကို ဖုန်းအပလီကေးရှင်းမှတစ်ဆင့် အဝေးထိန်းစနစ်နဲ့ စတင်မောင်းနှင်ကာ ရိုက်ကူးရေးစနစ်ကို ဖွင့်ပြီး သက်သေအဖြစ် ရိုက်ကူးသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
အဲဒီ ရိုက်ကူးရရှိထားတဲ့ မှတ်တမ်းတွေကို သက်သေအဖြစ် အသုံးပြုပြီး ၎င်းရဲ့ဇနီးနဲ့ ဖောက်ပြန်သူ အမျိုးသားထံမှ ထိုင်ဝမ်ဒေါ်လာ ၂ သန်း လျော်ကြေးတောင်းခံကာ တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ထိုင်ဝမ်ဒေါ်လာ ၅ သောင်း ပူးတွဲလျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း ဇနီးဖြစ်သူက အခန်းတွင်း တရားမဝင် ချောင်းမြောင်းရိုက်ကူးမှုနဲ့ မကျေနပ်တာကြောင့် ပြန်လည်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ထောက်ယွမ်ခရိုင် တရားရုံးက လက်ထပ်ထိမ်းမြားထားပေမဲ့လည်း တစ်ဦးချင်းစီရဲ့ သီးသန့်နေထိုင်ပိုင်ခွင့်နဲ့ လွတ်လပ်ခွင့် ပျက်ပြယ်သွားခြင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပြီး တရားမဝင် ရိုက်ကူးမှုနဲ့ အဲဒီ အမျိုးသားကို ထောင်ဒဏ် ၅ လ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
Ref : Technology Innovation