အမေရိကန်ရဲ့ ထိပ်တန်း AI ကုမ္ပဏီတွေဖြစ်တဲ့ OpenAI နဲ့ Anthropic တို့မှာ တရုတ်နိုင်ငံက သူလျှိုတွေ ရောက်ရှိနေပြီလို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း Anthropic နဲ့ OpenAI သုတေသီဟောင်း Jacob Coxon က ပြောကြားလိုက်ပါတယ်။ PBD Podcast အင်တာဗျူးတစ်ခုမှာ ၎င်းက အထောက်အထား တစ်စုံတစ်ရာ ပြသခြင်း မရှိပေမဲ့ တရုတ်သူလျှိုတွေ ရှိနေနိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိ သေချာကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်အနေနဲ့ နည်းပညာပိုင်း အသာစီးရအောင် လုပ်ဆောင်နေပေမဲ့ တရုတ်နိုင်ငံဘက်က မည်သည့်အချိန်မဆို နည်းပညာ တိုးတက်မှုတွေကို ခိုးယူကာ နောက်ကြောင်းပြန် လိုက်မီသွားနိုင်တဲ့ စွမ်းရည်ရှိကြောင်း Coxon က ပြောပါတယ်။ ထို့ကြောင့် အမေရိကန်က အရှေ့သို့ ရှေ့ဆက်ပြေးနေပေမဲ့ ကွာခြားချက်အသာစီးကို ကြာရှည်ထိန်းထားနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့ပါတယ်။

သို့သော်လည်း Coxon ရဲ့ ပြောဆိုချက်အပေါ် နည်းပညာ မူဝါဒနဲ့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ Paul Triolo က တာဝန်မဲ့တဲ့ ပြောဆိုချက်ဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဝေဖန်တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန် AI ဓာတ်ခွဲခန်းတွေအနေနဲ့ တရုတ်နိုင်ငံမှ ထူးချွန်စွမ်းရည်ရှိသူတွေကို မှီခိုနေရတာကြောင့် အခုလို ပြောဆိုချက်တွေက လုပ်ငန်းခွင်အတွင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေနိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။
Ref : South China Morning Post