သာမန်စမတ်ဖုန်းတွေထက် ဘက်ထရီသက်တမ်း ပိုမိုခံနိုင်ရည်ရှိမယ့် ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ တရုတ်နိုင်ငံမှာ အသစ်မိတ်ဆက်လိုက်တဲ့ Redmi M100 က အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ အဲဒီဖုန်းမှာ အကြီးမားဆုံး ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ 7,900 mAh ဘက်ထရီကြီး ပါဝင်လာပြီး ၆.၉ လက်မအရွယ် 720×1600 120Hz LCD မျက်နှာပြင်ကျယ်ကြီးနဲ့ အချိုးကျ ပေါင်းစပ်ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက်လည်း Snapdragon 4 Gen 5 SoC ကို အသုံးပြုထားတာကြောင့် နေ့စဉ်အသုံးပြုမှုတွေအတွက် သွက်လက်မြန်ဆန်နေမှာပါ။

ကင်မရာပိုင်းမှာတော့ 13MP ကျောဘက်ကင်မရာနဲ့ 5MP ဆဲလ်ဖီးကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီအရွယ်အစား ကြီးမားပေမဲ့ 45W အမြန်အားသွင်းစနစ် ပါဝင်တဲ့အတွက် အားသွင်းရတဲ့ အချိန်ကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။ ခေတ်မီတဲ့ HyperOS 3 စနစ်သစ်နဲ့ အလုပ်လုပ်ပေးမယ့် အဲဒီဖုန်းကို Wilderness Green, Star Rain White နဲ့ Deep Night Black စတဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်သုံးမျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ် ၁,၉၉၉ (ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၉၆) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

အဲဒီဖုန်းကို တရုတ်နိုင်ငံပြင်ပမှာ ရောင်းချမလားဆိုတာကတော့ စိတ်ဝင်စားစရာ စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့ မကြာခင်ထွက်ရှိလာမယ့် Poco M8x ရဲ့ ပုံစံနဲ့ အချက်အလက်တွေက အခု Redmi M100 နဲ့ တစ်ထပ်တည်းနီးပါး တူညီနေတာပါ။ ဒါကြောင့် ဒီဘက်ထရီဧရာမဖုန်းကြီးကို နိုင်ငံတကာဈေးကွက်မှာ Poco အမည်နဲ့ မကြာခင် မြင်တွေ့ရဖို့ အလားအလာ အရမ်းကောင်းနေပါတယ်။
Ref : gsmarena