iPhone 18 Pro နဲ့ Pro Max တွေဟာ အရင်မော်ဒယ်တွေထက် ဒေါ်လာ ၁၀၀ လောက် ဈေးပိုနေပါတယ်။ ရှေ့ကထွက်ခဲ့တဲ့ iPhone 17 နဲ့ 16 စီးရီးတွေမှာလည်း အဲဒီလိုပဲ ဈေးတက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး နောက်နှစ်မှာလည်း Apple က ဈေးနှုန်းတွေကို ထပ်တင်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီလို ဈေးထပ်တက်ရမယ့် အကြောင်းရင်းကတော့ Samsung နဲ့ သဘောတူညီမှု အသစ်ရလိုက်လို့ပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယား သတင်းတွေအရ Samsung ဟာ စမတ်ဖုန်း ထုတ်လုပ်သူတွေနဲ့ မန်မိုရီ (DRAM နဲ့ NAND) ဈေးနှုန်းတွေကို အသစ်ပြန်လည် ဆွေးနွေးနေတာဖြစ်ပြီး Apple နဲ့တော့ စျေးနှုန်းသစ်အတွက် သဘောတူညီမှု ရသွားခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့် Apple အနေနဲ့ ၂၀၂၇ ခုနှစ် ပထမသုံးလပတ်ကစပြီး RAM နဲ့ Storage တွေအတွက် အရင်ကထက် ပိုမိုမြင့်မားတဲ့ ဈေးနှုန်းတွေကို Samsung ထံ ပေးချေသွားရတော့မှာပါ။

စိတ်ဝင်စားစရာ ကောင်းတာကတော့ တခြား နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတွေဖြစ်တဲ့ Oppo နဲ့ vivo တို့က Samsung ရဲ့ ဈေးနှုန်းအသစ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ နောက်ထွက်မယ့် ဖုန်းအသစ်တွေမှာ ဘယ်ကုမ္ပဏီရဲ့ မန်မိုရီတွေကို ပြောင်းလဲအသုံးပြုသွားမလဲ ဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။
Ref : gsmarena