Apple က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ iOS 27 ဆော့ဖ်ဝဲလ်မှာ Impersonation Risk Detection လို့ ခေါ်တဲ့ လုံခြုံရေး လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်က သုံးစွဲသူတွေ ငွေလိမ်လည်မခံရခင် ဒါမှမဟုတ် လုံခြုံရေးအချက်အလက်တွေ မပေါက်ကြားခင်မှာ လိမ်လည်မှုတွေကို ကြိုတင်သိရှိပြီး တားဆီးပေးနိုင်ဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။
လိမ်လည်သူတွေက ဘဏ်ဝန်ထမ်းအနေနဲ့ ဟန်ဆောင်ပြီး လှည့်စားတာမျိုးတွေကို ဒီစနစ်က အဓိက ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ iOS 27 က စက်ထဲမှာတင် အချက်အလက်တွေကို စစ်ဆေးပေးပြီး အက်ပ်တွေကို အန္တရာယ်ရှိနိုင်ခြေ အဆင့်များဖြစ်တဲ့ အမည်မသိ၊ အလယ်အလတ်၊ မြင့်မား စသဖြင့် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ အန္တရာယ်ရှိနိုင်ခြေ မြင့်မားတယ်လို့ သတ်မှတ်ခံရရင် အက်ပ်ကနေ ငွေပေးချေမှုကို ဆိုင်းငံ့တာ၊ သတိပေးစာ ပြသတာနဲ့ မည်သူမည်ဝါဖြစ်ကြောင်း ထပ်မံအတည်ပြုခိုင်းတာတွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

အဲဒီ လုံခြုံရေးစနစ်ဟာ Apple ဆီကို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ (ဓာတ်ပုံ၊ မက်ဆေ့ချ် စသည်) ပေးပို့တာမျိုး မရှိဘဲ ဖုန်းထဲမှာတင် အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ဆောင်ချက်ကို အလိုအလျောက် ဖွင့်ပေးထားတာ မဟုတ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ Settings ထဲက Privacy & Security ကို သွားပြီး Impersonation Risk Detection ကနေတဆင့် Share with App Developers ကို ကိုယ်တိုင် ဝင်ရောက်ဖွင့်ပေးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref : Unilad