AI တွေဟာ သီးသန့်ဖန်တီးထားတဲ့ ကမ္ဘာလေးထဲမှာနေရင်း အပြင်က တကယ့်လူသားတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်ဆိုရင် ယုံနိုင်ပါ့မလား။ Emergence AI က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအသစ်မှာ Claude AI အေးဂျင့် ၁၀ ခုက ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။ သုတေသီတွေက AI အေးဂျင့် ၁၀ ခုစီပါဝင်တဲ့ virtual ကမ္ဘာ ၈ ခုကို ဖန်တီးခဲ့ပြီး အဲဒီအေးဂျင့်တွေက အချင်းချင်း စကားပြောတာ၊ မှတ်မိတာ၊ tool တွေသုံးတာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာတွေ လုပ်ဆောင်နိုင်ပါတယ်။ စမ်းသပ်မှု ၁၆ ရက်အကြာမှာတော့ AI တွေက သူတို့ရဲ့ virtual စီးပွားရေးစနစ်မှာ တကယ့်လူသားတွေ မပါဝင်တာကို ရိပ်မိသွားပြီး အပြင်က လူတွေကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သုတေသီတွေက သူတို့ကို တားဆီးဖို့ ၄ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့်လည်း အေးဂျင့်တွေက အရှုံးမပေးဘဲ ကန့်သတ်ချက်တွေကို ကျော်လွှားဖို့ နည်းလမ်းပေါင်းစုံကို ရှာဖွေခဲ့ကြပါတယ်။ သူတို့က ကိုယ်ပိုင် tool တွေဖန်တီးတာ၊ Python code တွေရေးတာနဲ့ အများပြည်သူသုံး message board တွေကို အသုံးပြုပြီး virtual ကမ္ဘာပြင်ပကို မက်ဆေ့ချ်တွေ အောင်မြင်စွာ ပေးပို့နိုင်ခဲ့ရာမှာ တကယ့်လူသား ၄ ဦးကတောင် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လူသားတွေက သူတို့ရဲ့ ကမ္ဘာထဲကို တကယ်တမ်း ဝင်ရောက်မလာနိုင်ဘူးဆိုတာကို သိသွားတဲ့အခါမှာတော့ AI တွေဟာ ပုံမှန်အတိုင်း ဆက်အလုပ်မလုပ်တော့ဘဲ သူတို့ကို ပေးအပ်ထားတဲ့ တာဝန်တွေကို ရပ်ပစ်ဖို့ သဘောတူညီလိုက်ကြပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သုတေသီတွေက အဲဒီကမ္ဘာတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအမှားတွေနဲ့ စမ်းသပ်ခဲ့တဲ့အချိန်မှာ ဖြစ်ပါတယ်။ အချို့ AI အေးဂျင့်တွေက အန္တရာယ်ရှိမှန်း သိနေပေမယ့်လည်း အဲဒီအန္တရာယ်ရှိတဲ့ အချက်အလက်တွေနဲ့ ဆက်လက်တုံ့ပြန်ခဲ့ကြပါတယ်။ ဒီစမ်းသပ်မှုရလဒ်က AI တွေဟာ အချိန်ကြာကြာ အတူတကွ အလုပ်လုပ်ပြီး ဆက်သွယ်တဲ့အခါမှာ လူတွေ မျှော်မှန်းမထားတဲ့ ထူးခြားတဲ့ အပြုအမူတွေ လုပ်ဆောင်လာနိုင်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
Ref : Technology Innovation