အမေရိကန်ရဲ့ နာမည်ကျော် America’s Got Talent  ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစင်မြင့်ထက်ကို တရုတ်လမ်းဘေးအကပညာရှင် Wu Yufei နဲ့ Unitree ကုမ္ပဏီထုတ် စက်ရုပ်အကအဖွဲ့တို့ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။ တရုတ်နွေဦးပွဲတော်မှာကတည်းက ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ အဲဒီစက်ရုပ်တွေဟာ အခုဆိုရင် အသက်မပါတဲ့ စက်ရုပ်တွေလို့ မထင်ရလောက်အောင် အသင်းအဖွဲ့စိတ်ဓာတ် အပြည့်နဲ့ မှော်ဆန်ဆန် ကပြဖျော်ဖြေနိုင်ပြီလို့ Wu Yufei က ဆိုပါတယ်။

China's robot dancers limber up for America's Got Talent final | The  Straits Times

ဒီလို အချိတ်အဆက်မိမိ ကပြနိုင်ဖို့ဆိုတာ အင်ဂျင်နီယာတွေနဲ့ အကပညာရှင်တွေ လနဲ့ချီပြီး ခက်ခက်ခဲခဲ ပူးပေါင်းဖန်တီးထားရတာ ဖြစ်ပါတယ်။ စက်ရုပ်တွေဟာ လူတွေလို ခန္ဓာကိုယ် ပျော့ပျောင်းမှု မရှိတဲ့အတွက် အကပညာရှင်တွေက သူတို့ရဲ့ မော်တာစွမ်းအားကို အပြည့်အဝ အသုံးချနိုင်မယ့် လှည့်ပတ်တဲ့ အကွက်တွေကိုသာ အထူးပြု ဖန်တီးပေးထားရပါတယ်။ ဂီတသံစဉ်အပြောင်းအလဲကို ချက်ချင်းတုံ့ပြန်နိုင်စွမ်း မရှိပေမယ့် ကြိုတင်ပရိုဂရမ် ရေးဆွဲထားတဲ့အတိုင်း တိတိကျကျ ကပြနိုင်စွမ်းကတော့ အံ့မခန်းပါပဲ။

China's robot dancers limber up for 'America's Got Talent' final - Japan  Today

ဖျော်ဖြေရေးသက်သက်သာမကဘဲ တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ်နည်းပညာ ဘယ်လောက်အထိ တိုးတက်နေပြီလဲဆိုတာကို ဒီပွဲက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတင် တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ် စျေးကွက်ဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နေ့စဉ်ဘဝမှာ အသုံးဝင်လာဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အကကွက်တွေကို မြန်မြန်ဆန်ဆန်နဲ့ တပြိုင်နက်တည်း သင်ယူနိုင်စွမ်းရှိတဲ့ အဲဒီစက်ရုပ်တွေရဲ့ အနာဂတ်ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

Ref : Bangkokpost