ကလေးသူငယ်တွေကို စွဲလမ်းစေဖို့ စနစ်တကျ ပုံစံထုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ TikTok နဲ့ မိခင်ကုမ္ပဏီ ByteDance တို့ဟာ ဂျူရီအဖွဲ့နဲ့ တရားရင်ဆိုင်မှု မစတင်မီ အယ်လာဘားမားပြည်နယ်နဲ့ တရားရုံးပြင်ပ စေ့စပ်ညှိနှိုင်းမှု ရရှိခဲ့ပါတယ်။ အဲဒီသဘောတူညီချက်အရ TikTok အနေနဲ့ ဒေါ်လာ သန်း ၁၀၀ ပေးလျော်ရမှာဖြစ်ပြီး အမေရိကန်ပြည်နယ်တစ်ခုနဲ့ ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ စေ့စပ်ညှိနှိုင်းမှုလည်း ဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက်အရ TikTok ဟာ ကလေးသူငယ်တွေအတွက် တစ်ရက်လျှင် ၂ နာရီထက် ပိုမသုံးရအောင် ကန့်သတ်ခြင်း၊ ညဘက်နဲ့ ကျောင်းတက်ချိန်တွေမှာ အသုံးပြုခွင့် ပိတ်ပင်ခြင်း စတဲ့ ဘေးကင်းလုံခြုံရေး အစီအမံတွေကို ချက်ချင်း စတင်ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ် အတည်ပြုတဲ့ စနစ်တွေ၊ အလှအပဆိုင်ရာ filter အသုံးပြုမှု ပိတ်ပင်ခြင်း၊ သံသယဖြစ်ဖွယ် အပြန်အလှန် ဆက်သွယ်မှုတွေကို မိဘတွေထံ အကြောင်းကြားပေးမယ့် စနစ်တွေအပါအဝင် မိဘတွေ ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ၁ နှစ်အတွင်း အကောင်အထည်ဖော် ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

ဒီပြောင်းလဲမှုတွေဟာ အယ်လာဘားမားပြည်နယ်အတွင်းမှာပဲ သက်ရောက်မှာဖြစ်ပြီး သဘောတူညီချက်ပါ စည်းကမ်းတွေကို မလိုက်နာပါက TikTok အနေနဲ့ ဒေါ်လာ သန်း ၃၀၀ အထိ ထပ်မံ ပေးလျော်ရဖို့ ရှိနေပါတယ်။ လက်ရှိ သဘောတူထားတဲ့ ဒေါ်လာ သန်း ၁၀၀ ကိုတော့ ရက်ပေါင်း ၄၅ ရက်အတွင်း ပေးချေရမှာဖြစ်ပါတယ်။
Ref : bbc