လူတူစက်ရုပ်တွေ ထုတ်လုပ်တဲ့ Figure ကုမ္ပဏီက သူတို့ရဲ့ F.02 စက်ရုပ်အဟောင်း အများစုကို Terminator ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းအတိုင်း သံရည်ကျိုဖိုထဲ ခုန်ဆင်းစေပြီး စိတ်ဝင်စားဖို့ကောင်းအောင် အနားပေးခဲ့ပါတယ်။ စက်ရုပ်အဟောင်းတွေကို တစ်စစီ ဖြုတ်ယူဖျက်ဆီးတာထက် သံရည်ကျိုတာက အင်ဂျင်နီယာပိုင်း အချိန်ကုန် သက်သာစေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။ လီသီယမ်အိုင်ယွန်း ဘက်ထရီတွေ ပါဝင်တာကြောင့် အမေရိကန်နဲ့ မက္ကဆီကို စက်ရုံတွေက လက်မခံခဲ့တဲ့အတွက် ဖင်လန်နိုင်ငံ အီမက်ထရာမြို့မှာရှိတဲ့ သံရည်ကျိုစက်ရုံမှာပဲ အကောင်အထည်ဖော်ခဲ့ရပါတယ်။

ဒီလုပ်ငန်းစဉ် မစတင်မီ အင်ဂျင်နီယာတွေက စက်ရုပ်တွေကို လေအိတ်တွေအသုံးပြုပြီး စတန့်ပြသေသူတွေရဲ့ လှုပ်ရှားမှုကို လေ့လာကာ ခုန်တက်နိုင်အောင် စနစ်တကျ လေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီနောက် ဖင်လန်စက်ရုံမှာရှိတဲ့ တန် ၇၅ အလေးချိန်ရှိ သံရည်ကျိုဖိုထဲ အမှားအယွင်းမရှိ ခုန်ဆင်းနိုင်အောင် AI ထိန်းချုပ်စနစ်ကို ကွန်ပျူတာနဲ့ အတုယူဖန်တီး လေ့ကျင့်ပေးခဲ့ရာ စက်ရုပ်တွေက သံရည်ကျိုဖိုထဲ မိမိဖာသာ အလိုအလျောက် ခုန်ဆင်းသွားခဲ့ကြပါတယ်။ ဒီဆန်းသစ်တဲ့ အစီအစဉ်ဟာ မင်းသားကြီး အာနို ရှဝါဇန်နက်ဂါရဲ့ အကြံပြုချက်အရ Terminator ရုပ်ရှင်ဇာတ်ဝင်ခန်းကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
![]()
သံရည်ကျိုပြီးနောက် ရရှိလာတဲ့ သတ္တုတွေကို သတ္တုချောင်းတွေအဖြစ် ပြုလုပ်ပြီး အမေရိကန်ကို ပြန်လည်ပို့ဆောင်ထားကာ အဲဒီ သတ္တုအချို့ကို F.02 အထိမ်းအမှတ် ပစ္စည်းတွေအဖြစ် ထုတ်လုပ်သွားမှာပါ။ လက်ရှိမှာ F.02 စက်ရုပ် အများစုကို ဖျက်ဆီးလိုက်ပြီဖြစ်ပေမဲ့ အနည်းငယ်ကိုတော့ အမှတ်တရအဖြစ် စတိုခန်းထဲမှာ သိမ်းဆည်းထားပါသေးတယ်။
Ref : Technology Innovation