အမေရိကန်ကုမ္ပဏီကြီး Apple ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက iPhone အလုံးရေ ၅ သိန်းအောက်သာ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုမျိုး ရောင်းအားကျဆင်းမှုဟာ Apple ကုမ္ပဏီတစ်ခုတည်းမဟုတ်ဘဲ အခြား အမှတ်တံဆိပ်တွေမှာလည်း အလားတူသက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားခြင်းဟာ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ လဆန်း နှစ်သစ်ကူးပွဲမတိုင်မီကတည်းက ခရီးသွားလာခြင်းတွေ၊ လူအများစုရုံးခြင်းတွေကို ကန့်သတ်တားမြစ်ခဲ့ပါတယ်။ အားလပ်ရက်တွေ ကျော်လွန်ခဲ့ပေမယ့်လည်း ကူးစက်ရောဂါ အရှိန်မြင့်လာတာကြောင့် ကန့်သတ်ချက်တွေကို ရုပ်သိမ်းခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း စမတ်ဖုန်းအမှတ်တံဆိပ် အားလုံးပေါင်း ရောင်းချမှုဟာ ၆.၃၄ သန်းသာ ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူရောင်းချမှုပမာဏ ၁၄ သန်းနဲ့ နှိုင်းယှဉ်ရင် ၅၄.၇% ကျဆင်းခဲ့တာဖြစ်ကြောင်း China Academy of Information and Communications Technology (CAICT) ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

CAICT က ၁၀၁၂ ခုနှစ်ကစပြီး ပုံမှန်ရောင်းချမှု အချက်အလက်တွေကို စတင်ဖော်ပြခဲ့ရာမှာ ဒီနှစ်ဖေဖော်ဝါရီဟာ အနိမ့်ဆုံးရောင်းချမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဖော်ဖော်ဝါရီမှာ Apple ထုတ်ကုန်တွေဟာ ၁.၂၇ သန်း တင်ပို့ရောင်းချခဲ့ရပေမယ့် ဒီနှစ်မှာတော့ ၄သိန်း၉သောင်း၄ထောင် အထိ ကျဆင်းသွားရတာလည်း ဖြစ်ပါတယ်။

IDC နဲ့ Canalys တို့ကတော့ ပထမသုံးလပတ်မှာ စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၄၀% အထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဓိကအကြောင်းရင်းကတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားခြင်းကြောင့် ဖြန့်ချိတဲ့လမ်းကြောင်းတွေ ပြတ်တောက်ရခြင်းလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းမှာရှိတဲ့ Apple Store တွေဟာ ဖေဖော်ဝါရီလထဲမှာတင် နှစ်ပတ်ကျော်ကြာပိတ်ထားခဲ့ရပါတယ်။ Huawei နဲ့ Xiaomi တို့လို Android အမှတ်တံဆိပ်တွေလည်း ၂၀၁၉ ဖေဖော်ဝါရီလတုန်းက ၁၂.၇၂ သန်း တင်ပို့ရောင်းချခဲ့ရပေမယ့် ဒီနှစ်မှာတော့ ၅.၈၅ သန်းအထိ ထိုးကျခဲ့တာကိုတွေ့ရပါတယ်။

Ref: Gizmochina