ကိုရိုနာဗိုင်းရက်စ်ကို နည်းပညာ ကုမ္ပဏီများစွာက ပူးပေါင်း တိုက်ဖျက်နေကြပါတယ်။ အခုတော့ အမေရိကန်က နာမည်ကျော် ကား ကုမ္ပဏီ ဖြစ်တဲ့ General Motors ပါ ပါဝင်လာပါပြီ။ General Motors က ကိုရိုနာဗိုင်းရက်စ် လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေမှာ အရေးတကြီး လိုအပ်နေတဲ့ အသက်ရှူစက်တွေ တိုးမြှင့်ထုတ်လုပ်ဖို့ Ventec Lift Systems နဲ့ ပူးပေါင်းလိုက်တယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

ဆီယေတယ် အခြေစိုက် Ventec ဟာ အမေရိကန်မှာ အသက်ရှူစက်တွေ အဓိက ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၁ ခု ဖြစ်ပြီး အခုတော့ GM နဲ့ ပူးပေါင်းကာ ထုတ်လုပ်မှုကို အရှိန်မြှင့်တော့မှာ ဖြစ်ပါတယ်။ Ventec က ပုံမှန်အားဖြင့် ၁ လကို အလုံး ၁၅၀ ပဲ ထုတ်လုပ်နေတာပါ။ CEO Chris Kiple က လာမယ့် ရက်ပေါင်း ၉၀ အတွင်းမှာ ၁ လကို စက်အလုံး ၁၀၀၀ နဲ့ နောက်ပိုင်းမှာ ၁ လကို အလုံး ၂၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

Ventec က ဒီလို အရှိန်မြှင့် ထုတ်လုပ်ဖို့အတွက် GM ရဲ့ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနဲ့ အရင်းအမြစ်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ GM Chairman နဲ့ CEO Mary Barra က GM ဟာ ဒီလို ကမ္ဘာ့ ကပ်ရောဂါ ကျရောက်နေတဲ့ အချိန်မှာ ကူညီဖို့ နည်းလမ်းတွေကို ဆက်လက်ရှာဖွေမှာပါလို့ ပြောပါတယ်။ ကိုရိုနာဗိုင်းရက်စ် လူနာတွေအတွက် အသက်ရှူစက်တွေဟာ အရမ်း အရေးကြီးပြီး အမေရိကန်လို နိုင်ငံမှာတောင် အသက်ရှူစက်တွေ မလုံလောက်နိုင်ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

Ford နဲ့ Volkswagen တို့လို ကား ကုမ္ပဏီတွေကလည်း အသက်ရှူစက်တွေ တိုးမြှင့် ထုတ်လုပ်ရာမှာ ကူညီဖို့အတွက် အိမ်ဖြူတော်ကို ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ Tesla CEO Elon Musk က Tesla နဲ့ SpaceX ဝန်ထမ်းတွေဟာ အသက်ရှူစက်တွေ တည်ဆောက်နေတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ Musk က အဲဒီစက်တွေ ထုတ်လုပ်ပေးမယ့် အချိန်ကိုတော့ မပြောသေးပါဘူး။

Ref : theverge