5G ဆက်သွယ်မှုနဲ့ ပတ်သက်ပြီး ကြောက်စရာကောင်းတဲ့ အယူအဆတွေ ထွက်လာပါတယ်။ 5G ဟာ ကိုရိုနာဗိုင်းရက်စ် ဖြစ်စေတယ်လို့ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကစပြီး စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ပါတယ်။ အခုတော့ ဘာမင်ဂမ်နဲ့ မာဆေးဆိုက်ဒ်က 5G Base Station ၂ ခုကို မြို့ခံလူထုက မီးရှို့လိုက်တယ်လို့ သိရပါတယ်။ 5G ဟာ ကိုရိုနာဗိုင်းရက်စ်ရဲ့ လက်သည်တရားခံဆိုတဲ့ အယူအဆတွေဟာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့မှာ ပျံ့နှံ့နေပါတယ်။

အရီဇိုးနားမှာ မတ်လ ၁၂ ရက်က ကျင်းပခဲ့တဲ့ Health Summit မှာ အမေရိကန် ဆရာဝန် Thomas Cowan က အာဖရိကမှာ 5G မရှိတဲ့အတွက် ဗိုင်းရက်စ်ကူးစက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ အခုတော့ အာဖရိကမှာလည်း ကိုရိုနာဗိုင်းရက်စ် ကူးစက်သူ ထောင်ဂဏန်းလောက်ရှိလာပါပြီ။ ဒါပေမယ့် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ နိုင်ငံတချို့မှာ ဒီအယူအဆ နာမည်ကြီးနေပြီး Followers သန်းချီရှိနေတဲ့ ဆယ်လီတွေ ဖွလိုက်တော့ ပိုဆိုးလာပါတယ်။

ဝူဟန်ဟာ ကမ္ဘာမှာ 5G ရတဲ့ ပထမဆုံး မြို့ဖြစ်တယ်လို့ ပြောနေကြတာက ထူးဆန်းပါတယ်။ တောင်ကိုရီးယားဟာ ၂၀၁၉ နှစ်လယ်မှာ 5G သုံးသူ ၁ သန်းကျော်ရှိခဲ့ပြီး ၂၀၁၉ နိုဝင်ဘာလကျမှ တရုတ်က ဝူဟန်မှာ 5G ဝန်ဆောင်မှုစပေးခဲ့ပါတယ်။ အဲဒီအတွက် ဝူဟန်မှာ ဗိုင်းရက်စ် ကူးစက်မှုဟာ 5G နဲ့ မသက်ဆိုင်ဘူးဆိုတာ သက်သေပြနေပါတယ်။

British Mobile Communications Association (Mobile UK) က ဒီအယူအဆတွေဟာ စိုးရိမ်စရာကောင်းပါတယ်။ British Digital Culture Media and Sports Department (DCMS) ကလည်း ဗိုင်းရက်စ်ဟာ 5G နဲ့ ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထား မရှိသေးဘူးလို့ ကြေညာထားပါတယ်။ အမေရိကန် အများပြည်သူ ကျန်းမာရေး အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ဒေါက်တာ Georges C. Benjamin က COVID-19 ဟာ တိရိစ္ဆာန်ကနေ ကူးစက်လာတဲ့ ဗိုင်းရက်စ်ဖြစ်ပြီး 5G ဒါမှမဟုတ် ရေဒီယိုလှိုင်းတွေနဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။

Ref : gizchina