မကာအိုနိုင်ငံ ပါတာနီဒေသရဲ့ ညဥ့်နက်ပိုင်း လမ်းဘေးလူသွားလမ်းမှာ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးဟာ ဖုန်းရပ်သုံးနေတုန်း နောက်နားကနေ တစ်ခုခု ကပ်လာသလို ခံစားရလို့ လှည့်ကြည့်လိုက်ရာမှာ သရဲ မဟုတ်ဘဲ လူတူစက်ရုပ်  ကြီးတစ်ကောင်နဲ့ အနီးကပ် သွားတိုးမိပါတော့တယ်။

စက်ရုပ်နဲ့ တိုက်မိတာမျိုး မရှိဘဲ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် အမှတ်မထင် ဖြစ်တာကြောင့် အဘွားအိုဟာ လန့်သွားတဲ့အရှိန်နဲ့ ရင်တုန်ပန်းတုန်ဖြစ်ပြီး နေမကောင်းဖြစ်လာလို့ ဆေးရုံကို အမြန်ပို့ပေးဖို့ တောင်းဆိုခဲ့ရပါတယ်။

အဲဒီလူတူစက်ရုပ်ဟာ ဒေသတွင်း ကျူရှင်ကျောင်းတစ်ခုက ကြော်ငြာလုပ်ငန်းတွေမှာ သုံးဖို့အတွက် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးက လမ်းပေါ်မှာ စမ်းသပ်မောင်းနှင်နေတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

ဒီဖြစ်စဉ် ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး အဲဒီကလစ်ထဲမှာ အဘွားအိုက ကန်တုံဘာသာစကားနဲ့ “ရင်တုန်အောင်လုပ်တယ်” လို့ ဒေါသတကြီး အော်ဟစ်ပြီး အများပြည်သူ သွားလာတဲ့နေရာမှာ ဘာလို့ ဒီလိုစက်ရုပ်မျိုး သုံးရတာလဲလို့ ရဲတွေရှေ့မှာ မေးမြန်းနေတာကို တွေ့ရပါတယ်။

အဘွားအိုဟာ ဆေးရုံမှာ စစ်ဆေးချက် ခံယူပြီးနောက် အခြေအနေ ပြန်ကောင်းလာလို့ အိမ်ပြန်ခွင့်ရခဲ့ပြီး တရားစွဲဆိုတာမျိုးတော့ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျူရှင်ကျောင်းတာဝန်ခံရဲ့ ပြောကြားချက်အရ အဲဒီလူတူစက်ရုပ်တွေကို လူစည်ကားတဲ့နေရာတွေမှာ သုံးလာတာ ၆ လခန့် ရှိနေပြီဖြစ်ပြီး အရင်ကတော့ လူထုဆီကနေ အကောင်းမြင်တုံ့ပြန်မှုတွေပဲ ရခဲ့တာလို့ သိရပါတယ်။

အခုဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာ ကျောင်းတာဝန်ခံဟာ အဘွားအိုနဲ့အတူ ဆေးရုံကို လိုက်ပါသွားခဲ့ပြီး အိမ်အထိပါ ကိုယ်တိုင် ကားမောင်းပို့ပေးခဲ့ပါတယ်။

အခုလို ထူးထူးဆန်းဆန်း ဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ကတော့ အများပြည်သူ သွားလာတဲ့နေရာတွေမှာ လူတူစက်ရုပ်တွေ အသုံးပြုတဲ့အခါ လူတွေကို ထိတ်လန့်တာမျိုး မရှိစေဖို့ ပိုပြီး သတိထားကြဖို့ သတိပေးထားပါတယ်။

Ref: Khaosod