Google ပိုင်တဲ့ Waymo ရဲ့ မောင်းသူမဲ့ တက္ကစီနဲ့ Serve Robotics ရဲ့ Delivery စက်ရုပ်တို့ လော့စ်အင်ဂျလိစ် လမ်းဆုံမှာ ဒီဇင်ဘာလ ၂၇ ရက်က ဝင်တိုက်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီအတွက် မောင်းသူမဲ့ နည်းပညာဟာ ဘေးကင်းလုံခြုံရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ Delivery စက်ရုပ်ဟာ မီးပွိုင့်မှာ မီးနီကို ဖြတ်သွားတဲ့အခါမှာ Waymo ရဲ့ မောင်းသူမဲ့ တက္ကစီက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ မောင်းသူမဲ့ ကားက ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန် မမီခဲ့ပါဘူး။ Delivery စက်ရုပ်ကို လူက ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး Waymo ကားကတော့ အလိုအလျှောက် မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းတာက ဖြစ်ရပ်ဖြစ်ပွားချိန်မှာ တက္ကစီကားထဲမှာ ခရီးသည် မပါလာပါဘူး။
Serve ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကုမ္ပဏီရဲ့ Delivery စက်ရုပ်ဟာ မောင်းသူမဲ့ ကားနဲ့ တိုက်မိတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ TechCrunch ကို ပြောပါတယ်။ ကုမ္ပဏီ ၂ ခု စလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက အနာဂတ်မှာ အဲဒီလို အဖြစ်မျိုး မဖြစ်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
အလိုအလျှောက် စက်ရုပ်တွေဟာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေရဲ့ လမ်းမတွေပေါ် ရောက်လာပြီ ဖြစ်ပါတယ်။ အဲဒီအတွက် အနာဂတ်မှာ ပိုမို ဘေးကင်းလုံခြုံအောင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။
Ref: Tech Explorers