ကားစီးရင်း ဖုန်းသုံးတဲ့အခါ ခေါင်းမူးတာ ဒါမှမဟုတ် အော့အန်ချင်တဲ့ ခံစားချက်မျိုးကို ကြုံဖူးပါသလား။ အဲဒီလို ကားမူးတတ်တဲ့ ပြဿနာကို အထူးဖြေရှင်းပေးမယ့် Motion Assist ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို Google က Android 17 မှာ စတင်ထည့်သွင်းပေးလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်က Apple မိတ်ဆက်ခဲ့တဲ့ Motion Cues နဲ့ ဆင်တူတဲ့ ဒီနည်းပညာကို လက်ရှိမှာတော့ တချို့ Pixel ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

မျက်စိက ဖုန်းစခရင်ကို ကြည့်နေပေမယ့် ခန္ဓာကိုယ်က ကားရဲ့ ရွေ့လျားမှုကို ခံစားနေရတဲ့အခါ ဦးနှောက်ထဲမှာ အာရုံခံစားမှု ကွဲလွဲပြီး ကားမူးတာကို ဖြစ်စေပါတယ်။ ဒီနည်းပညာက ဖုန်းရဲ့ accelerometer နဲ့ gyroscope တွေကို အသုံးပြုပြီး ကားရဲ့ ရွေ့လျားမှုနဲ့အညီ မျက်နှာပြင်ဘေးဘောင်တွေမှာ အစက်လေးတွေ ဖော်ပြပေးတာ ဖြစ်ပါတယ်။ ကားက ညာဘက်ကို ကွေ့ရင် အဲဒီအစက်လေးတွေက ဘယ်ဘက်ကို ရွေ့သွားမှာဖြစ်ပြီး ကားဘရိတ်အုပ်လိုက်ရင်တော့ ရှေ့ကို ရွေ့သွားမှာ ဖြစ်တဲ့အတွက် မျက်စိနဲ့ နားတွင်းအာရုံခံစားမှု မညီမျှတာကို အံ့သြစရာကောင်းလောက်အောင် ဖြေရှင်းပေးနိုင်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ ဒီအစက်လေးတွေရဲ့ အရောင်၊ ပုံစံနဲ့ ထင်ရှားမှုအတိုင်းအတာတွေကို မိမိစိတ်ကြိုက် အလွယ်တကူ ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ ကားစတင်ရွေ့လျားတာနဲ့ တစ်ပြိုင်နက် အလိုအလျောက်ပွင့်သွားအောင် သတ်မှတ်ထားနိုင်သလို Quick Settings ထဲကနေလည်း လိုအပ်တဲ့အချိန်မှ အလွယ်တကူ အဖွင့်အပိတ် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားရင်း ဖုန်းသုံးတတ်သူတွေအတွက်တော့ ဒီလုပ်ဆောင်ချက်က တကယ့်ကို သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
Ref : Theverge