Apple က နောက်မျိုးဆက် AirPods Pro 2 ကို ကြေညာလိုက်ပြီး H2 Chip တပ်ဆင်ထားပါတယ်။ အသံ Frequency များစွာကို ထောက်ပံ့တဲ့ Low-distortion Driver နဲ့ Amp ထည့်သွင်းထားပါတယ်။ ဒီဇိုင်းက အရင်မျိုးဆက်တွေနဲ့ တူညီပြီး ဆီလီကွန် ထိပ်ဖူးနဲ့ Stem တွေ ပါပါတယ်။
Apple ရဲ့ Surround အသံ နည်းပညာ ဖြစ်တဲ့ Spatial Audio ကို အဆင့်မြှင့်ထားပြီး Customize လုပ်နိုင်တဲ့ Spatial Audio လုပ်ဆောင်ချက် ပါပါတယ်။ သင့် iPhone က True Depth ကင်မရာကို အသုံးပြုကာ သင့်နား အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကို အခြေခံတဲ့ Personal Spatial အသံ ပရိုဖိုင်ကို ဖန်တီးနိုင်ပါတယ်။
Active Noise Cancelation (ANC) ကို အဆင့်မြှင့်ထားပြီး Apple က ပထမမျိုးဆက် AirPods Pro ထက် အသံဆူညံမှုကို ၂ ဆ ပိုမို လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ သင့် ပတ်ဝန်းကျင်က ဆူညံသံ အကျယ်ကြီးတွေကို ဖယ်ရှားပေးတဲ့ Adaptive Transparency Mode အသစ် ပါလာပြီး Apple ရဲ့ Force ဆန်ဆာ ထိန်းချုပ်မှုမှာ အသံချိန်ညှိဖို့အတွက် ထိတွေ့ ထိန်းချုပ်မှု အသစ်တွေ ပါလာပါတယ်။
ဘက်ထရီ သက်တမ်းက ၆ နာရီကြာ သီချင်း နားထောင်နိုင်ပြီး Case နဲ့တွဲလိုက်ရင် နာရီ ၃၀ ခံပါတယ်။ Charging Case အသစ်မှာ UWB ကြောင့် Find My Service ကို သုံးနိုင်ပြီး နားကြပ်ပျောက်ရင် အသံအကျယ်ကြီး ထုတ်လုပ်ပေးတဲ့ စပီကာ ပါပါတယ်။ Case ကို Lighting Port ၊ MagSafe Charger ၊ Apple Watch Charger ၊ Qi Charger တွေနဲ့ အားသွင်းနိုင်ပါတယ်။
Apple AirPods Pro 2 ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလ ၂၃ ရက်နေ့ ရောင်းမှာပါ။
Ref : gsmarena