ကိုရိုနာဗိုင်းရက်စ်ဟာ Apple ရုံးချုပ်တည်ရှိရာ အမေရိကန် ပြည်ထောင်စု Santa Clara County ကို ရောက်လာပါပြီ။ အဲဒီအတွက် နည်းပညာ ဘီလူးကြီး Apple က ဆီလီကွန်တောင်ကြားက ဝန်ထမ်းတွေကို နေအိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားနေပါတယ်။ ကုမ္ပဏီက ဗိုင်းရက်စ်ကို အထူးသတိထား ကာကွယ်ဖို့လည်း သတိပေးထားပါတယ်။ ဝန်ထမ်းအားလုံး နေအိမ်ကနေ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် တချို့ ဝန်ထမ်းတွေက ရုံးတက်ရမှာပါ။

Santa Clara County က Cupertino, Palo Alto, Mountain View နဲ့ San Jose တို့လို မြို့တွေက နည်းပညာ ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေကို နေအိမ်ကနေပဲ အလုပ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ Santa Clara County မှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံရသူ ၂၀ဦးရေ ရှိနေပြီး သံသယလူနာတွေလည်း ရှိနေပါတယ်။ Apple Park တည်ရှိတဲ့ Cupertino ဟာလည်း အဲဒီမှာ တည်ရှိနေပါတယ်။

ဒေသတွင်း အာဏာပိုင်တွေကလည်း မလိုအပ်ဘဲ ဝန်ထမ်းတွေကို ခရီးမစေလွှတ်ဖို့ အလုပ်ရှင်တွေကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် လူများစွာပါတဲ့ မျက်နှာချင်းဆိုင် အစည်းအဝေးတွေကို ဖျက်သိမ်းဖို့လည်း သတိပေးထားပါတယ်။ Apple နှစ်စဉ်ကျင်းပနေတဲ့ WWDC ပွဲဟာ ဒီနှစ်မှာ မသေချာတော့ပါဘူး။ ပုံမှန်အားဖြင့်တော့ WWDC ကို San Jose မှာ နှစ်စဉ် ဇွန်လမှာ ကျင်းပလေ့ရှိပါတယ်။

Apple ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ WWDC ကျင်းပမယ့်နေ့ကို မတ်လလယ်မှာ ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် မကြာခင်မှာ ပွဲကျင်းပဖြစ်မလားဆိုတာ သိလာရတော့မှာပါ။ Apple Park က ဝန်ထမ်းတွေပဲ အိမ်ကနေ အလုပ်လုပ်နိုင်တာ ဖြစ်ပြီး Apple Bay Area က စတိုးတွေကို ဖွင့်ထားမှာပါ။ Apple က စတိုးတွေမှာ ဗိုင်းရက်စ် ကာကွယ်ဖို့အတွက် ထိထိရောက်ရောက် ပိုးသတ်နေပါတယ်။

Ref : gizchina