Apple ဟာ လက်ရှိအချိန်မှာ ရှိသမျှ Mac ကွန်ပျူတာတွေအကုန်လုံးကို ကိုယ်ပိုင် M Series Apple Silicon Chip တွေနဲ့ အစားထိုးပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ WWDC 2023 Event မှာလည်း MacBook Air 15-inch အပြင် Mac Studio နဲ့ Mac Pro ကွန်ပျူတာအသစ်တွေကို နောက်ဆုံးမိတ်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် Apple ကနေ ယခုနှစ်အတွင်းမှာ iMac ကိုပါ Version အသစ်အနေနဲ့ မိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ iMac ဟာ နောက်ဆုံးအနေနဲ့ iMac 24-inch ကို M1 Chip ဖြင့် ၂၀၂၁ ခုနှစ်တုန်းက မိတ်ဆက်ထားတာဖြစ်ပြီး အခုအချိန်အထိ Generation အသစ်ထွက်ရှိသေးခြင်းမရှိသေးဘူးဖြစ်ပါတယ်။

အခုထပ်မံမိတ်ဆက်ဖို့စီစဥ်နေတဲ့ iMac က Screen Size အနေနဲ့ 30-inch အထိရှိမှာဖြစ်ပြီး Apple ကနေ မိတ်ဆက်ခဲ့သမျှ iMac တွေထဲမှာ Screen Size အကြီးမားဆုံးဖြစ်လာမှာပါ။ Apple ဟာ ယခင်တုန်းက 27-inch iMac တွေကို မိတ်ဆက်ခဲ့ဖူးပေမယ့် M Series Apple Silicon Chip တွေကို ပြောင်းလဲအပြီးမှာ ဆက်လက်ထုတ်လုပ်ခြင်းမရှိတော့တာပဲဖြစ်ပါတယ်။

အဆိုပါ 30-inch iMac သတင်းကို Bloomberg Media မှ Mark Gurman ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပြီး 27-inch iMac နဲ့ iMac Pro နေရာကို အစားထိုးဝင်ရောက်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် ယခု iMac အသစ်တွေဟာ လောလောဆယ် မိတ်ဆက်နိုင်ဦးမှာမဟုတ်သေးဘဲ အစောဆုံး ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၄ ခုနှစ်အတွင်းမှ M3 Chip နဲ့အတူ မိတ်ဆက်နိုင်ခြေရှိနေပါတယ်။

Ref – Gizmo China