Apple ဟာ အောက်တိုဘာလမှာ Mac ထုတ်ကုန် အသစ်တွေကို ကြေညာတဲ့ ထုံးစံ ရှိပါတယ်။ အဲဒီအတွက် Mark Gurman ဆီက နောက်ဆုံးထွက်လာတဲ့ သတင်းက ယုံကြည်စရာ ကောင်းပါတယ်။ သူက Apple ဟာ M1X Silicons အသစ်ပါတဲ့ MacBook Pro ကို ဒီလထဲ ကြေညာတော့မယ်လို့ သတင်းပေးလာပါတယ်။ ဒါတင်မကသေးဘဲ စွမ်းရည်မြင့် Mac mini ကိုပါ ချပြနိုင်ပါတယ်။
အဲဒီ Chip အတွက် Version ၂ မျိုး ထုတ်လုပ်ထားတဲ့အတွက် MacBook Pro မော်ဒယ် ၂ မျိုး ထွက်လာနိုင်ပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 10-core CPU ပါလာမှာ ဖြစ်ပြီး Core ၈ လုံးက စွမ်းရည်မြင့် ဖြစ်ကာ Core ၂ လုံးက စွမ်းအင် စားသုံးမှု သက်သာစေမှာ ဖြစ်ပါတယ်။ ကွဲပြားခြားနားချက်က GPU အပိုင်းမှာ ဖြစ်ပြီး 16 or 32 Core တွေ ထည့်သွင်းထားကာ အရင်ထွက်ခဲ့တဲ့ သတင်းတွေနဲ့ တူညီနေပါတယ်။
Gurman က M1X ဟာ M1 Chip ကို စွမ်းရည်တိုးမြှင့်ထားတာ ဖြစ်ပြီး Graphics စွမ်းဆောင်ရည် အများကြီး တိုးတက်လာတယ်လို့ ပြောပါတယ်။
အရင် ပေါက်ကြားသတင်းတွေအရ MacBook Pro အသစ်မှာ SD Card Slot နဲ့ HDMI Port တွေ အပါအဝင် I/O ရွေးချယ်စရာတွေ ပိုများလာမှာ ဖြစ်ပြီး MagSafe ကို အသုံးပြုကာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အရင်မျိုးဆက် MacBook Pro မော်ဒယ်တွေနဲ့ မတူညီအောင် ဒီဇိုင်းအပိုင်းကို လုံးဝ ဆန်းသစ်ထားနိုင်ပါတယ်။
Ref : gsmarena