Apple က သတင်းတွေ မကြာခဏ ထွက်နေတဲ့ Watch Series 6 ကို တရားဝင် ကြေညာလိုက်ပါပြီ။ လုပ်ဆောင်ချက် အပိုင်းမှာ Series 6 ဟာ အရင်မျိုးဆက် Series 5 ထက် အနည်းငယ်ပဲ တိုးတက်လာပါတယ်။ ဒါပေမယ့် Apple ရဲ့ S6 Chipset အသစ် ထည့်သွင်းထားပြီး Series 5 က S5 ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Short-range Wireless Locaton ထောက်ပံ့တဲ့ Ultra Wideband Antennas တွေ ပါတဲ့ U1 Chip ကို S6 မှာ ထည့်သွင်းထားတဲ့အတွက် Series 6 ကို ကားရဲ့ ဒစ်ဂျစ်တယ် သော့လို သုံးနိုင်ပါတယ်။

Watch Series 6 ရဲ့ ကိုယ်ထည်ဟာ အရင်မျိုးဆက်လိုပဲ ဖြစ်ပေမယ့် Blue နဲ့ Product Red အလူမီနီယမ် မော်ဒယ် အသစ်တွေ ထုတ်လုပ်ထားပါတယ်။ Stainless Steel မော်ဒယ်တွေ ဖြစ်တဲ့ Graphite နဲ့ Classic Yellow Gold တွေလည်း ရွေးချယ်နိုင်မှာပါ။

Watch Series 6 ရဲ့ အောက်ခြေမှာ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးတဲ့ ဆန်ဆာ ထည့်သွင်းထားပြီး watchOS 7 နဲ့ တွဲဖက်ကာ အိပ်စက်မှု အခြေအနေနဲ့ လေ့ကျင့်ခန်းတွေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။ ကိုဗစ် ကာလမှာ အရေးကြီးတဲ့ လက်မကြာခဏ ဆေးဖို့ သတိပေးတဲ့ လုပ်ဆောင်ချက် ထည့်ထားပါတယ်။

Always-on Display  ပိုကောင်းလာပြီး အခုဆိုရင် ၂ ဆခွဲ ပိုတောက်ပလာပါတယ်။ Stripes, Chronograph Pro, GMT နဲ့ Artist အပါအဝင် Watch Faces အသစ် ၇ ခု ထည့်ထားပါတယ်။ Apple က လက်ပတ်အသစ်တချို့ကိုလည်း မတူညီတဲ့ အရွယ်တွေ ထုတ်လုပ်ပေးထားပြီး Apple က အရင်မျိုးဆက်လိုပဲ ၁၈ နာရီ ဘက်ထရီ သက်တမ်းရှိတယ်လို့ ပြောပါတယ်။ အားသွင်းနှုန်း ပိုမြန်လာတာက တိုးတက်မှု ဖြစ်ပြီး ၁ နာရီခွဲထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၈ ရက်နေ့ ရောင်းမှာပါ။ အလူမီနီယမ် GPS Only မော်ဒယ်ရဲ့ ၄၀ နဲ့ ၄၄ မီလီမီတာအတွက် ၃၉၉ နဲ့ ၄၂၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး ၅ သိန်း ၃ သောင်းနဲ့ ၅ သိန်း ၇ သောင်းလောက် တန်ကြေးရှိပါတယ်။ GPS+Cellular Version အတွက် ၄၉၉ နဲ့ ၅၂၉ ဒေါ်လာ အသီးသီး ကျသင့်ပြီး ၅ သိန်း ၃ သောင်းနဲ့ ၇ သိန်း တန်ကြေးရှိပါတယ်။ Stainless Steel Version တွေက ဒီထက်ပိုဈေးကြီးမှာပါ။

Ref : gsmarena