အလီဘာဘာ ဂရုရဲ့ အကြီးအကဲ Joe Tsai က တရုတ်မှာ ရောင်းချတဲ့ iPhone တွေအတွက် AI ကို ထည့်သွင်းပေးဖို့ Apple နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ သူက ဒူဘိုင်းမှာ ပြုလုပ်တဲ့ World Governments Summit မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Tsai က “ Apple ဟာ တရုတ်က ကုမ္ပဏီများစွာနဲ့ စကားပြောခဲ့ပြီး နောက်ဆုံးမှာ ကျွန်တော်တို့နဲ့ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ သူတို့ရဲ့ ဖုန်းတွေမှာ ကျွန်တော်တို့ AI ကို အသုံးပြုချင်တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
အလီဘာဘာ နဲ့ Apple တို့ ပူးပေါင်းမှုကြောင့် ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက်မှာ ရောင်းအားကျဆင်းနေတဲ့ Apple iPhone တွေရဲ့ ရောင်းအားကို ပြန်လည် တိုးတက်လာစေနိုင်ပါတယ်။ တရုတ်မှာ Apple ရဲ့ ပြိုင်ဖက် ဖြစ်တဲ့ Huawei ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက သူတို့ရဲ့ Device တွေမှာ AI Feature တွေကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ Apple ကတော့ တရုတ် အစိုးရရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် Apple Intelligence ကို ထည့်သွင်းပေးဖို့ အခက်တွေ့ခဲ့ပါတယ်။
Tsai က အလီဘာဘာ နဲ့ ပူးပေါင်းတဲ့အတွက် Apple ဟာ တရုတ် အစိုးရရဲ့ စည်းမျဉ်းတွေကို ကျော်လွှားနိုင်ပြီး iPhone မှာ AI ကို ထည့်သွင်းပေးနိုင်မယ်လို့ ပြောပါတယ်။ အလီဘာဘာ ဟာ Large Language Models နဲ့ Voice Assistant ကို ဖန်တီးထားတဲ့ တရုတ်ရဲ့ နည်းပညာ ကုမ္ပဏီကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။
Ref : cnbc