Apple ရဲ့ CEO အဖြစ် တာဝန်ယူနေတဲ့ Tim Cook ဟာ လာမယ့် စက်တင်ဘာလမှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကုမ္ပဏီက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့နေရာမှာ အရင်ကတည်းက Apple မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝါရင့်ဝန်ထမ်း John Ternus က ဆက်ခံမှာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Tim Cook ဟာ CEO ရာထူးကနေ အနားယူပြီးနောက်မှာတော့ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူသွားမှာပါ။

Tim Cook ဟာ ၁၉၉၈ ခုနှစ်မှာ Apple ကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာတော့ ကုမ္ပဏီတည်ထောင်သူ Steve Jobs ရဲ့ CEO နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ သူ CEO ဖြစ်လာပြီးနောက်မှာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ပိုမိုတိုးချဲ့နိုင်ခဲ့သလို ကုမ္ပဏီရဲ့ တန်ဖိုးကိုလည်း ဒေါ်လာ ၄ ထရီလီယံအထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခု လက်ရှိမှာတော့ သူဟာ ကုမ္ပဏီအတွက် ထူးချွန်တဲ့ ခေါင်းဆောင်မှုတွေ ပေးနိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

CEO အသစ်ဖြစ်လာမယ့် John Ternus ကတော့ ၂၀၀၁ ခုနှစ်မှာ Apple ရဲ့ ထုတ်ကုန်ဒီဇိုင်းအဖွဲ့ကို စတင်ဝင်ရောက်ခဲ့တာပါ။ သူဟာ iPhone၊ iPad၊ Apple Watch နဲ့ Mac ကွန်ပျူတာတွေလိုမျိုး လူကြိုက်များတဲ့ ထုတ်ကုန်တွေ ဖန်တီးရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုလိုမျိုး အခွင့်အရေး ရတဲ့အတွက် သူဟာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိတယ်လို့လည်း ပြောထားပါတယ်။
ဒီနှစ်ဟာ Apple ကုမ္ပဏီရဲ့ နှစ် ၅၀ ပြည့်မြောက်တဲ့ နှစ်လည်း ဖြစ်ပါတယ်။ Steve Jobs နဲ့ Steve Wozniak တို့ကနေ ကာလီဖိုးနီးယားက ကားဂိုဒေါင်လေးထဲမှာ စတင်တည်ထောင်ခဲ့တဲ့ Apple ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းက နည်းပညာသုံးစွဲပုံတွေကို ပြောင်းလဲပစ်နိုင်ခဲ့ပါပြီ။ အခုအခါမှာတော့ AI နည်းပညာတွေ ထွန်းကားလာတဲ့အတွက် Apple အနေနဲ့ နောက်ထပ် ဘယ်လို ဆန်းသစ်မှုတွေ လုပ်ပြနိုင်မလဲဆိုတာကို လူတွေက စောင့်ကြည့်နေကြပါတယ်။
Ref : Bangkokpost