ASUS ကနေ အခုစျေးကွက်ထဲမှာ AMD Ryzen 4000 Series Processor တွေကိုအသုံးပြုထားတဲ့ Laptop တွေကို ဆက်တိုက်မိတ်ဆက်နေတာလည်းဖြစ်ပါတယ်။ အစောပိုင်းတုန်းက Gaming Laptop တွေကို မိတ်ဆက်ခဲ့ပေမယ့်လည်း အခုအချိန် ပုံမှန်ရုံးသုံး၊ ကျောင်းသုံးအတွက် VivoBook S14 နဲ့ S15 Laptop တွေကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ VivoBook S14 နဲ့ S15 Laptop တွေကိုတော့ စျေးနှုန်းအနေနဲ့ $699 နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒီ ASUS VivoBook S14 နဲ့ S15 Laptop တွေမှာ မြင်လိုက်တာနဲ့ ထူးခြားနေတာကတော့ Design ပိုင်းပဲဖြစ်ပါတယ်။ ASUS ကနေ ယခင် VivoBook တွေမတူညီတဲ့ Design တင်မဟုတ်ဘဲ အရောင်ကိုပါ မျိုးစုံအသုံးပြုလာတာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်အရောင်ကို ရွေးချယ်နိုင်စေမှာဖြစ်ပါတယ်။ ဒါက လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ Design တွေထက် သိသိသာသာကို ပိုပြီးထူးခြားနေတာကလည်း အားသာချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။

နောက်ထပ် ယခင် VivoBook တွေထက် ပိုပြီး Build Quality ပိုင်းမှာ ပိုကောင်းလာသလို Metal Body ကိုပဲ အသုံးပြုထားတဲ့အတွက် ပိုပြီး Premium ဆန်တဲ့ Feeling ကိုပါ ပေးစွမ်းနိုင်ဦးမှာပါ။ အထူအနေနဲ့လည်း 15.9mm ပဲရှိသလို အလေးချိန်အနေနဲ့လည်း VivoBook S14 မှာ 1.4Kg နဲ့ S15 မှာ 1.8Kg ပဲရှိမှာဖြစ်တဲ့အတွက် တခြားသော Ultrabook တွေနဲ့တောင် ယှဥ်ပြိုင်နိုင်ဦးမှာပါ။ ဒီလိုမျိုး ပါးလွှာပေါ့ပါးနေတာကလည်း လှပတဲ့ Design နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ အပြင်ကို Laptop သယ်သွားပြီးအလုပ်လုပ်နေရတဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ VivoBook S14 မှာ 14″ နဲ့ S15 မှာ 15.6″ Full HD IPS Display တွေကို အသုံးပြုထားပြီး Screen-to-Body Ratio အနေနဲ့ 85% အထိရှိမှာဖြစ်ပါတယ်။ 100% sRGB Color Accuracy ရှိမှာဖြစ်တဲ့အတွက် Video Editing နဲ့ Photo Editing ပိုင်းမှာလည်း အဆင်ပြေမှာပါ။

တခြားသော Feature တွေအနေနဲ့ကတော့ Keyboard မှာ Backlit Keyboard တင်မဟုတ်ဘဲ Enter Key ကိုပါ အရောင်ကွဲထွက်နေအောင် လုပ်ပေးထားတာ တစ်မျိုးဆန်းနေမှာဖြစ်ပါတယ်။ Keyboard ကို ရိုက်ရတဲ့ Typing Experience အနေနဲ့ကလည်း တော်တော်လေးကို ကောင်းပြီးတော့ VivoBook S15 မှာ Numpad ပါ ပါဝင်မှာဖြစ်ပါတယ်။ TouchPad မှာလည်း Windows Hello ကို Support ပြုလုပ်တဲ့ Fingerprint Sensor ကို ထည့်သွင်းထားပါတယ်။

Design ပိုင်းအရတော့ VivoBook S14 နဲ့ S15 Laptop တွေဟာ ပေးရတဲ့စျေးနဲ့ တန်တဲ့အပြင် Ultrabook တစ်ခုနီးပါးကို လှပနေမှာဖြစ်ပါတယ်။ အရောင်တွေကို ပုံမှန် Laptop တွေကနေ ကွဲထွက်နေတဲ့အရောင်တွေကိုပါ ရရှိနိုင်တာကလည်း ရုံးအလုပ်တွေလုပ်နေရတဲ့သူတွေအပြင် ကျောင်းတက်နေရတဲ့သူတွေအတွက်လည်း ကိုယ့်စိတ်ကြိုက် Personality တစ်ခုကို ရရှိစေမှာပါ။

Design လိုမျိုးပဲ ပေးရတာထက်ပိုကောင်းတယ်လို့ ပြောနိုင်တာကတော့ Performance ပိုင်းပဲဖြစ်ပါတယ်။ ASUS ကနေ VivoBook S14 နဲ့ S15 Laptop တွေမှာ AMD Ryzen 4700U Chipset ကို ထည့်သွင်းပေးထားပြီး 8-Core Processor အမျိုးအစားလည်းဖြစ်နေပါတယ်။ RAM အနေနဲ့ကလည်း 8GB 3200MHz DDR4 RAM အပြင် 512GB PCI-E SSD တွေကြောင့် ပုံမှန်အသုံးပြုမှုတွေတင်မဟုတ်ဘဲ Data တွေသိမ်းထားမယ့်သူတွေအတွက်လည်း လုံလောက်တဲ့ပမာဏရှိနေမှာပါ။

ဒီနေရာမှာ AMD Ryzen 4700U Processor ကို အသုံးပြုထားတာ ကြီးမားတဲ့အားသာချက်တစ်ခုလို့တောင် ပြောနိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် Single-Core နဲ့ Multi-Core Performance တွေမှာ Ryzen 4700U ဟာ လက်ရှိ Intel 10th Gen i7 Processor တွေထက်တောင် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး မြန်မာငွေ ၁၀ သိန်းအောက် Laptop တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး Laptop တွေထဲက တစ်လုံး လို့ပြောရင်တောင် မမှားပါဘူး။ သီးသန့် Discrete Graphic ပါဝင်ခြင်းတော့မရှိပေမယ့် Integrated ပါဝင်တဲ့ Vega 7 Graphics ဟာ ပုံမှန် Integrated Graphics တွေထက် သိသိသာသာကို စွမ်းဆောင်ရည်ပိုကောင်းနေတာဖြစ်ပါတယ်။ CS:Go ၊ Dota 2 နဲ့ Valorant လိုမျိုး eSport Game တွေဆော့ကစားတဲ့အချိန်မှာ 70 နဲ့ 80fps ဝန်းကျင်ကိုရရှိမှာပါ။ အဲ့ဒီအတွက် Graphic Card သီးသန့်မပါပေမယ့်လည်း ပုံမှန်လောက် Game ဆော့ချင်တဲ့သူတွေအတွက်ကတော့ လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိနေမှာပဲဖြစ်ပါတယ်။

ပြီးတော့ Wi-Fi ပိုင်းမှာကလည်း ပုံမှန် ၁၀ သိန်းအောက် Laptop တွေမှာ တွေ့ရလေ့မရှိတဲ့ Wi-Fi 6 ကိုပါ သုံးပေးထားတာဖြစ်ပါတယ်။ ဒါက နောက်ပိုင်းရေရှည်အသုံးပြုမယ်ဆိုရင် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 50Wh Battery ကို အသုံးပြုထားပြီးတော့ ပုံမှန်အသုံးပြုမယ်ဆိုရင် ၆ နာရီဝန်းကျင်လောက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာတော့ ပုံမှန် 65W DC Charger ကိုပဲ အသုံးပြုရမှာဖြစ်ပြီး USB-C Charging ကိုတော့ Support ပြုလုပ်မှာမဟုတ်ပါဘူး။ Port တွေအနေနဲ့လည်း USB Port ၃ ခု၊ USB-C ၊ HDMI အပြင် MicroSD Card Slot တွေပါ ပါဝင်မှာဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် ASUS VivoBook S14 နဲ့ S15 Laptop တွေဟာ ပေးရတဲ့စျေးနဲ့ တကယ်ကိုပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ ၁၀ သိန်းအောက် Price-to-Performance အကောင်းဆုံး Laptop တွေထဲမှာ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ ပုံမှန် ရုံးသုံး၊ ကျောင်းသုံးတင်မဟုတ်ဘဲ Heavy ဖြစ်တဲ့ Gaming ပိုင်းတွေကလွဲရင် Content Creation ၊ Photoshop နဲ့ Editing ပိုင်းကိုပါ စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်သလို Design ပိုင်းကလည်း လှပတဲ့အတွက် Performance ပိုင်းရော၊ Design ပိုင်းပါ အားရမိတဲ့ Laptop တွေလို့ ပြောရင်လည်းမမှားပါဘူး။