တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တစ်ဝက်တစ်ပျက် မာရသွန်ပြိုင်ပွဲမှာ လူတူစက်ရုပ် (Humanoid) တစ်ရုပ်ဟာ ၅၀ မိနစ် ၂၆ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး လူသားတွေ တင်ရှိထားတဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စက်ရုပ်နည်းပညာ ဘယ်လောက်အထိ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ယူဂန်ဒါနိုင်ငံသား Jacob Kiplimo တင်ထားတဲ့ လူသားတို့ရဲ့ ကမ္ဘာ့အမြန်ဆုံးစံချိန် ၅၇ မိနစ် ၂၀ စက္ကန့်ထက်တောင် သိသိသာသာ ပိုမိုမြန်ဆန်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ စက်ရုပ်အဖွဲ့ပေါင်း ၁၀၀ နီးပါးရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၅ ဆခန့် တိုးတက်လာတာပါ။ လူတူစက်ရုပ်တွေဟာ ကိုယ်တိုင်လမ်းညွှန်စနစ် (Autonomous) ဒါမှမဟုတ် အဝေးထိန်းစနစ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပါဝင်တဲ့ စက်ရုပ်တွေထဲမှာ ၄၀ ရာခိုင်နှုန်းခန့်ဟာ ကိုယ်တိုင်မောင်းနှင်စနစ်ကို အသုံးပြုခဲ့ကြပါတယ်။ ပြိုင်ပွဲဝင် စက်ရုပ်တွေဟာ အရပ်အမြင့် ၇၅ စင်တီမီတာကနေ ၁၈၀ စင်တီမီတာအထိ အမျိုးမျိုးရှိကြပြီး ၂၁ ကီလိုမီတာကျော် ရှည်လျားတဲ့ လမ်းကွေ့လမ်းကောက်တွေနဲ့ အတက်အဆင်းတွေပါဝင်တဲ့ လမ်းကြောင်းမှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို စက်ရုပ်မာရသွန်ပြိုင်ပွဲကို ကျင်းပရခြင်းဟာ အမေရိကန်နဲ့ နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ တရုတ်နိုင်ငံအတွက် AI အခြေခံ လူတူစက်ရုပ်တွေလို နောက်ဆုံးပေါ် နည်းပညာတွေကို မြှင့်တင်ပြသဖို့ ရည်ရွယ်တာပါ။ ပြိုင်ပွဲမှာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် Tsinghua တက္ကသိုလ်အပါအဝင် ဂျာမနီ၊ ပြင်သစ်နဲ့ ဘရာဇီးနိုင်ငံတို့က နည်းပညာအဖွဲ့တွေလည်း လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အစောပိုင်းမှာ စက်ရုပ်အချို့ လဲကျတာမျိုးတွေ ရှိခဲ့ပေမယ့် ဒီပြိုင်ပွဲဟာ နည်းပညာလောကအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
Ref : Bangkokpost