ဘရာဇီးရဲ့ ဈေးကွက် ပြိုင်ဆိုင်မှု စောင့်ကြည့်ရေး အဖွဲ့အစည်း Cade က Apple ဟာ App Store မှာ In-app Purchases နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက် အားလုံးကို ဖြေလျှော့ပေးရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ ဘရာဇီး အာဏာပိုင်တွေက Apple ကို အချိန် ရက် ၂၀ ပေးထားပြီး မလိုက်နာရင် တစ်ရက်ကို ဒေါ်လာ ၄၃,၀၀၀ ဒဏ်ငွေရိုက်မယ်လို့ အမိန့်ချမှတ်ထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ဘရာဇီး အွန်လိုင်း စီးပွားရေး လုပ်ငန်းရှင် Mercado Libre က Apple ဟာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားပြီး မျှတမှု မရှိတဲ့ အလုပ်တွေကို ပြုလုပ်နေတယ်လို့ တိုင်ကြားခဲ့ရာကနေ အခုတော့ ဘရာဇီး အာဏာပိုင်တွေက Apple ကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဘရာဇီး အာဏာပိုင်တွေက Developers တွေ ငွေပေးချေမှုနဲ့ Subscription အတွက် ပြင်ပ ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ခွင့်၊ Developers တွေဟာ ငွေပေးချေမှု စနစ်ကို ကိုယ်တိုင် ရွေးချယ်ခွင့် ပေးဖို့ Apple ကို အမိန့်ပေးထားပါတယ်။
Apple ရဲ့ In-app Purchases မူဝါဒကို ဆန့်ကျင်ပြီး တရားရုံးက အမိန့်ချမှတ်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ Apple ဟာ Third-party App Payment Options တွေကို ခွင့်ပြုထားရပါတယ်။
Ref : gsmarena