တရုတ်နိုင်ငံဟာ တစ်ကြိမ်တည်းနဲ့ ကားအစီးရေ ၁၀,၈၀၀ အထိ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင် သင်္ဘောကြီးကို တည်ဆောက်ပြီးစီးပြီး လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဒီသင်္ဘောကြီးပေါ်မှာ တင်ဆောင်နိုင်တဲ့ ကားအားလုံးကို ရှေ့နောက်စီတန်းလိုက်မယ်ဆိုရင် ၃၁ မိုင် (ကီလိုမီတာ ၅၀) ခန့်အထိ ရှည်လျားမှာ ဖြစ်ပါတယ်။

Glovis Leader လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောကြီးကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာရှိတဲ့ Guangzhou Shipyard International က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောရဲ့ အလျားက ၇၅၄ ပေ (၂၃၀ မီတာ) ရှိပြီး အနံက ၁၃၁ ပေ (၄၀ မီတာ) ရှိပါတယ်။ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အလွန်ကြီးမားတဲ့ ကားပါကင်ကြီးတစ်ခုလို ပုံစံထုတ်ထားတာဖြစ်ပြီး သာမန်ကားတွေ၊ လျှပ်စစ်ကားတွေ၊ ဟိုက်ဒရိုဂျင်သုံး ကားတွေနဲ့ အလွန်လေးလံတဲ့ ထရပ်ကားတွေကို တင်ဆောင်နိုင်မယ့် အထပ်ပေါင်း ၁၄ ထပ် ပါဝင်ပါတယ်။

ဒါ့အပြင် ဒီသင်္ဘောကြီးမှာ သဘာဝဓာတ်ငွေ့ရည် (LNG) ဒါမှမဟုတ် သာမန်သင်္ဘောဆီတို့ကို အသုံးပြုနိုင်တဲ့ အဆင့်မြင့် dual-fuel အင်ဂျင်စနစ်ကို တပ်ဆင်ထားပါတယ်။ ဒါဟာ လောင်စာဆီ သုံးစွဲမှုကို ပိုမိုထိရောက်စေသလို လေထုထဲကို ညစ်ညမ်းတဲ့ အခိုးအငွေ့ ထွက်ရှိမှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Ref : Technology Innovation