ရေနစ်နေသူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်လာခင် အချိန်မီ အသက်ကယ်တင်ပေးနိုင်မယ့် AI နည်းပညာသုံး ပျံသန်းနိုင်တဲ့ ကယ်ဆယ်ရေးစက်ရုပ်ကို တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အဲဒီ စိတ်ဝင်စားဖွယ် စက်ရုပ်ကို ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာ ဒေသခံရဲတပ်ဖွဲ့က ဦးစီးကျင်းပတဲ့ ရေကြောင်းကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုမှာ လက်တွေ့ သရုပ်ပြသခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်မှုအတွင်းမှာ လိမ္မော်ရောင် အသက်ကယ်ဘောဟာ ကမ်းစပ်ကနေ အလိုအလျောက် ပျံတက်သွားပြီး ရေထဲက အကူအညီလိုအပ်နေသူဆီကို တိုက်ရိုက် သွားရောက်ခဲ့ပါတယ်။ ရေပြင်ပေါ်ကို အသာအယာ ဆင်းသက်ပြီးတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ပန်ကာတွေကို ရပ်တန့်လိုက်တဲ့အတွက် ရေနစ်နေသူအနေနဲ့ ဘေးကင်းလုံခြုံစွာ ဖမ်းကိုင်ထားနိုင်ပါတယ်။ အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတဲ့အထိ ရေပြင်ပေါ်မှာ တည်ငြိမ်စွာ နေပေးပြီး လူကို ကယ်တင်ပြီးတာနဲ့ သူ့ရဲ့ မူလနေရာကို အလိုအလျောက် ပြန်လည်ပျံသန်းသွားခဲ့ပါတယ်။
အဲဒီစနစ်ဟာ အလိုအလျောက် လမ်းကြောင်းရှာဖွေနိုင်တဲ့ AI နည်းပညာကို အသုံးပြုထားတာကြောင့် လူကိုယ်တိုင် အဝေးထိန်းစနစ်နဲ့ မောင်းနှင်နေစရာ မလိုဘဲ ဒုက္ခရောက်နေသူတွေဆီကို သူ့အလိုလို တိတိကျကျ သွားရောက်နိုင်စွမ်း ရှိပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က အဲဒီ ပျံသန်းနိုင်တဲ့ အသက်ကယ်ဘောအကြောင်းကို အထူးပြု ပြောကြားခဲ့ပြီး ဒီနည်းပညာဟာ အနာဂတ်မှာ လူ့အသက်တွေကို ကယ်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Ref : Technology Innovation