ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူ BYD က တရုတ်မှာ ဇွန်လအတွင်း စံချိန်တင် ရောင်းအားကောင်းခဲ့ပါတယ်။ BYD က အရင်နှစ် ဇွန်လထက် ဒီနှစ် ဇွန်လမှာ ရောင်းအား ၂ ဆနီးပါး တိုးတက်တယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လမှာ လျှပ်စစ်ကား အစီးရေ ၁၃၄,၀၃၆ စီးနဲ့ ဒီနှစ် ဇွန်လမှာ ၂၅၃,၀၄၆ စီး ရောင်းချနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်မှာ လျှပ်စစ်ကားတွေကို လူကြိုက်ပိုများလာတဲ့အတွက် အခုလို ရောင်းအားတိုးတက်လာတာပါ။

ဒီနှစ် ပထမနှစ်ဝက်မှာ BYD ရဲ့ ရောင်းအားဟာ အရင်နှစ် ပထမနှစ်ဝက်ထက် ၂ ဆနီးပါး တိုးတက်ခဲ့ပြီး အစီးရေ ၁.၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ တရုတ်မှာ စီးပွားရေးတိုးတက်လာတာကြောင့် BYD ဟာ အခုလို ရောင်းအားကောင်းနေတာ ဖြစ်ပါတယ်။

BYD သာမကဘဲ ဘီလီယမ်နာ Li Xiang ပိုင်တဲ့ တရုတ် လျှပ်စစ်ကား ကုမ္ပဏီငယ်လေး Li Auto ဟာလည်း ဒီနှစ် ဇွန်လမှာ အရင်နှစ်ထက် ရောင်းအား ၁၅၀ ရာခိုင်နှုန်း တိုးတက်လာကာ အစီးရေ ၃၂,၅၇၅ စီး ရောင်းချနိုင်ခဲ့ပါတယ်။ ရှန်ဟိုင်း အခြေစိုက် Nio ၊ ဂွမ်ဇူး အခြေစိုက် Xpeng နဲ့ ရှန်ဟိုင်းက Tesla’s Gigafactory တို့လည်း ရောင်းအားတိုးတက်ခဲ့ပါတယ်။

BYD ATTO 3 2023 Reviews, News, Specs & Prices - Drive

Nio ဟာ ဇွန်လမှာ ကား အစီးရေ ၁၀,၇၀၇ စီး ရောင်းချနိုင်ခဲ့ပြီး အရင်လထက် ၇၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Xpeng က အစီးရေ ၈,၆၂၀ စီး ရောင်းချနိုင်ခဲ့ပြီး ၁၄.၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Tesla က ရောင်းအားကို မပြောပေမယ့် CPCA က ရှန်ဟိုင်း  Gigafactory ကနေ မေလမှာ အစီးရေ ၄၂,၅၀၈ စီး ရောင်းချနိုင်ခဲ့ပြီး အရင်လထက် ၆.၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။

Ref : gizmochina