ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေနဲ့ ကျောင်းတွေမှာ အသုံးများတဲ့ Canvas ပညာရေးပလက်ဖောင်းဟာ ဆိုးရွားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ကျောင်းသားတွေ သင်ကြားရေးပိုင်းမှာ အကြီးအကျယ် အခက်တွေ့ခဲ့ရပါတယ်။ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် ShinyHunters လို့ခေါ်တဲ့ လူငယ်ဟက်ကာအဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေရဲ့ အမည်၊ အီးမေးလ်နဲ့ ကျောင်းသားမှတ်ပုံတင်နံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသားတွေဟာ သူတို့ရဲ့ သင်ခန်းစာတွေနဲ့ အမှတ်စာရင်းတွေကို ဝင်ကြည့်လို့မရတော့ဘဲ စနစ်တစ်ခုလုံး ယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်။

စင်ကာပူနိုင်ငံက SIM အပါအဝင် နိုင်ငံတကာက နာမည်ကြီးတက္ကသိုလ်တွေမှာ ဒီပြဿနာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။ ဟက်ကာတွေက ကျောင်းသားတွေနဲ့ ဆရာတွေ login ဝင်တဲ့ စာမျက်နှာတွေကိုပါ ဝင်ရောက်ပြင်ဆင်ခဲ့တာကြောင့် လုံခြုံရေးအရ Canvas စနစ်ကို အချိန်အတော်ကြာ ပိတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ကျောင်းသားတွေရဲ့ စကားဝှက် (Password) တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားသွားတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

အခုလို အခက်အခဲတွေ ကြုံနေရချိန်မှာ ကျောင်းတွေဘက်ကလည်း သင်ကြားရေးမပြတ်တောက်အောင် နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းပေးနေပါတယ်။ ကျောင်းသားတွေဆီကို Zoom သင်ခန်းစာ Link တွေ တိုက်ရိုက်ပေးပို့တာမျိုးနဲ့ ပလက်ဖောင်း ပြတ်တောက်နေတဲ့ကာလအတွင်း တင်ရမယ့် Assignment တွေ၊ စာမေးပွဲတွေကို သတ်မှတ်ရက် တိုးမြှင့်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေပါတယ်။ လက်ရှိမှာတော့ Canvas စနစ်ဟာ အွန်လိုင်းပေါ်ကို ပြန်ရောက်လာပြီဖြစ်ပေမဲ့ FBI အပါအဝင် အာဏာပိုင်တွေကတော့ ဒီဟက်ကာအဖွဲ့ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
Ref : Channel News Asia