Xiaomi ဟာ လက်ရှိ စမတ်ဖုန်းတွေအပြင် Tablet တွေမှာ အသုံးပြုနေတဲ့ MIUI ကို စွန့်ခွာပြီး HyperOS အသစ်ကို ပြောင်းလဲအသုံးပြုသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ HyperOS ဟာ နောက်ဆုံးမိတ်ဆက်ထားတဲ့ Xiaomi 14 Series ဖုန်းတွေမှာပဲ အသုံးပြုနိုင်နေသေးပြီး တခြားသော Xiaomi Device တွေမှာတော့ Update ရရှိခြင်းမရှိသေးပါဘူး။

အခုလည်း GSMChina ကနေ ထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Xiaomi ကနေ မကြာခင်အချိန်တိုအတွင်းမှာ Product (၅) မျိုးကို အစောဆုံး HyperOS Update ထုတ်ပေးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အဆိုပါ HyperOS Update နဲ့အတူ Android 14 OS ကိုပါ အဆင့်မြှင့်တင်ပေးမှာဖြစ်ပါတယ်။

ဒီလို HyperOS Update ကိုအစောဆုံးရရှိမယ့် Xiaomi Product တွေကတော့ Xiaomi 13 Ultra ၊ Xiaomi 13T ၊ Xiaomi 12T ၊ Xiaomi Pad 6 Max နဲ့ Redmi K60 Pro ဖုန်းတွေပဲဖြစ်ပါတယ်။ အဆိုပါ Product တွေအတွက် HyperOS Build တွေကို လက်ရှိ Xiaomi ရဲ့ Official Server တွေမှာ မြင်တွေ့ရရှိဖြစ်တာကြောင့် မကြာခင် Update ပြုလုပ်နိုင်တော့မှာပါ။

Xiaomi ဟာ HyperOS Update ပြုလုပ်ပေးမယ့် Roadmap ကိုလည်း မျှဝေခဲ့ပြီး ယခုနှစ်မကုန်ခင်မှာ Xiaomi 13 Series ၊ Redmi K60 Series ၊ Mi Pad 6 Series အပြင် Xiaomi Mix Fold 3 နဲ့ Xiaomi Mix Fold 2 ဖုန်းတွေကိုပါ HyperOS Update ထုတ်ပေးသွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာက ယခု HyperOS Update တွေဟာ China ROM တွေအတွက်ပဲ အရင်ဆုံးထုတ်ပေးသွားမှာဖြစ်ပြီး Global ROM အသုံးပြုသူတွေကတော့ လာမယ့် ၂၀၂၄ ခုနှစ် အစောပိုင်းကျမှပဲ Update ရရှိမယ်လို့ သိရပါတယ်။

Ref – Gizmo China